နေပြည်တော် ၊ မေ ၁၉

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်ကို အဆမတန် သုံးစွဲနေတဲ့ စစ်တပ်က သူတို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ယူတဲ့ ၅ နှစ်တာကာလအတွင်း ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားမယ်လို့ ပြောဆိုလာပါတယ်။

အာဏာသိမ်း သမ္မတက ပညာရေးအားနည်းမှုတွေကြောင့် အသိပညာအားနည်းမှုတွေ ဖြစ်ပေါ်လာတဲ့အခါ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံရေးပြဿနာတွေ ဖြစ်ပေါ်လာပြီး အဲဒီကနေ PDF တွေ ပေါ်ပေါက်လာခဲ့တာလို့ အပြစ်ဖို့ထားတာပါ။

အဲဒီအခြေအနေ ရောက်ရှိလာတာဟာ နိုင်ငံရဲ့ ပညာရေးအားနည်းချက်ကို အသုံးချပြီး ပြည်တွင်းပြည်ပက နိုင်ငံရေးသမားတွေက သူတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော် အသုံးချလုပ်ဆောင်ခဲ့ကြတာကြောင့်လို့ စွပ်စွဲပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ ပညာရေးကဏ္ဍကို မြှင့်တင်ပြီး နိုင်ငံသားတွေရဲ့ စိတ်နေစိတ်ထား (Mindset) ကို မြင့်မားလာအောင် လုပ်ဆောင်ဖို့ လိုတယ်လို့ ပြီးခဲ့တဲ့ ဧပြီမှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

ဒီအတွက် ပညာရေးကဏ္ဍတိုးတက်လာစေရေးအတွက် နိုင်ငံတော်ဘတ်ဂျက်တွေကို ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်မှာဖြစ်လို့ စစ်အစိုးရ တာဝန်ယူတဲ့ ငါးနှစ်တာအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ပညာရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက်ငွေ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနတွေမှာရှိတဲ့ ပညာရေးကဏ္ဍတွေပါဝင်ရင် ဘတ်ဂျက်ငွေ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံး ပြုသွားမယ်လို့ ဦးမင်းအောင်လှိုင်က အသိပေးထားတာပါ။

ဒါ့အပြင် လာမယ့် ဘဏ္ဍာရေးနှစ်တွေလည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်သွားမှာဖြစ်ပြီး လာမယ့် တစ်နှစ်ကျော်မှာ ဘတ်ဂျက်ငွေရဲ့ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာ အာဏာသိမ်းမှုအတွင်း လွှတ်တော်မရှိဘဲ ကာကွယ်ရေးအသုံးစရိတ်ကို စိတ်ကြိုက် တိုးမြှင့်သုံးစွဲခဲ့မှုကြောင့် ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွေအရ ရငွေထက် သုံးငွေက ပိုများလို့ ဘတ်ဂျက်လိုငွေတွေလည်း တိုးနေတာပါ။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်အသုံးစရိတ်ကို ပြည့်မီအောင် လုပ်ပြီးမှ ပိုလျှံတဲ့ ငွေကို ပညာရေးအတွက် သုံးစွဲမှာဖြစ်လို့ လိုငွေအတွက် ပြည်သူတွေဆီက အခွန်မျိုးစုံ ကောက်ပြီး သုံးစွဲဖို့ မြင်ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်တပ်က သူလိုအပ်တဲ့ စစ်အသုံးစရိတ်ကို ပြည့်မီအောင် လုပ်ပြီးမှ ပိုလျှံတဲ့ဟာကို တိုင်းပြည်ရဲ့ တခြားလိုအပ်တဲ့ နေရာတွေမှာ သုံးမှာဖြစ်တဲ့အတွက် အဲဒီလို ပိုလျှံတဲ့ ငွေကြေးအရေအတွက်ကလည်း နည်းပါးတဲ့အတွက် တိုင်းပြည်မှာ ပြည်သူတွေ စားဝတ်နေရေး ဒုက္ခရောက်နေကြရတာ ဆင်းရဲကျပ်တည်းနေတာတွေ အများကြီးဖြစ်တယ်။ ဒါကြောင့် ပညာရေးကဏ္ဍမှာ သုံးစွဲမယ်ဆိုတာတော့ ဒီစစ်အသုံးစရိတ်ကို အပွန်းအပဲ့မခံဘဲနဲ့ ကျန်တဲ့ ငွေအနည်းငယ်က ငွေတွေနဲ့ သုံးရင်သုံးမယ်။ ဒါမှမဟုတ် နောက်တစ်မျိုးကတော့ လိုအပ်တဲ့ ငွေအတွက် နိုင်ငံတော်လိုငွေအတွက် အစိုးရက ပြည်သူတွေဆီကနေ နည်းမျိုးစုံဖိနှိပ်ပြီး အခွန်မျိုးစုံ ကောက်ပြီးတော့မှ သုံးစွဲမယ်ဆိုတာမျိုး မြင်ရတယ်”လို့ ဆိုပါတယ်။

SIPRI က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ နှစ်စဉ် အဆမတန် မြင့်တက်နေပြီး ၂၀၂၄ ခုနှစ်မှာ ကျပ်ဘီလီယံ ၁၃,၀၀၀ ကျော် အထိ စံချိန်တင်ရောက်ရှိခဲ့ပါတယ်။ ဒါဟာ တိုင်းပြည် GDP ရဲ့ ၆ ဒသမ ၈ ရာခိုင်နှုန်းခန့်ရှိပြီး အာရှ-ပစိဖိတ်ဒေသမှာ ကာကွယ်ရေးအသုံးစရိတ် အမြင့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အာဏာသိမ်းကာလအတွင်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့ ပညာရေး၊ ကျန်းမာရေးလိုမျိုး ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေကို လျှော့ချခဲ့သလို ဝင်ငွေထက် သုံးငွေပိုများလာလို့ ဘတ်ဂျက်လိုငွေတွေလည်း နှစ်စဉ် များပြားလာပါတယ်။

ဒါကြောင့် ငွေစက္ကူအသစ်တွေ ရိုက်နှိပ်သုံးစွဲနေရမှုကြောင့် ပြည်တွင်း ငွေကြေးဖောင်းပွမှုတွေကို အကြီးအကျယ် ဖြစ်ပေါ်နေစေပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စစ်ကောင်စီလက်ထက်မှာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ စံချိန်တင်ခဲ့ပြီး ဝန်ကြီးဌာနအားလုံးမှာ အများဆုံးဖြစ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.