ဘီးလင်း၊ မေ ၁၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေကျေးရွာအနီး ဘုရားလေးလမ်းပေါ်မှာ စစ်တပ်စစ်ကြောင်း ပစ်ခတ်မှုကြောင့် စစ်ရှောင် သားအမိ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေပါအဝင် KNU သထုံခရိုင်ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ စစ်ရှောင်ပြည်သူ ခုနှစ်ဦး လိုက်ပါလာတဲ့ ကားတစ်စီးကို စစ်တပ်စစ်ကြောင်းက ရပ်တန့်ခိုင်းပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် ကားပေါ်ပါလာတဲ့ အသက် ၄၆ နှစ်အရွယ် နော်ဖောအဲ့နဲ့ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ နော်ပန်းအိဖြူတို့ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ကားပေါ်ပါလာတဲ့ အသက် ၁၅ နှစ်အရွယ် နော်ရှမ်းမလေးနဲ့အသက် ၄၉ နှစ်အရွယ် စောမောင်ခဲတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ စောမောင်ခဲကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
ပစ်ခတ်မှုပြီးနောက် စစ်တပ်စစ်ကြောင်းဟာ ယာဉ်မောင်း စောဇေယျာအပါအဝင် စစ်ရှောင်ပြည်သူတွေဖြစ်တဲ့ စောမောင်စန်း၊ စောဖါးပွယ်၊ စောဝင်းဇော်ထိုက်တို့ လေးဦး ဖမ်းဆီးခဲ့ပါတယ်။
မေ ၁၀ ရက်နေ့မှာတော့ စစ်ကြောင်းက စောဇေယျာနှင့်စောဖါးပွယ်တို့ နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် နှစ်ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ရှောင်ပြည်သူ နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားတဲ့ စစ်တပ်စစ်ကြောင်းဟာ လေးကေကျေးရွာတဝိုက်မှာ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
စစ်ရှောင်ပြည်သူတွေကို ပစ်ခတ်ခဲ့တဲ့ စစ်ကြောင်းဟာ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ လေ့ကျင့်ရေးတပ်က စစ်ကြောင်း ဖြစ်ပြီး ဘီးလင်းအခြေစိုက် ဝင်းတာပန်စခန်း မကျရေးအတွက် စစ်ကူလွှတ်လိုက်တဲ့ စစ်ကြောင်း ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

