အုတ်ဖို၊ မေ ၁၂

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ်အဝင်က ပြည်သူ့စစ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

စစ်တပ်လက်အောက်ခံ အဲဒီပြည်သူ့စစ်စခန်းကို မေ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PDF ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ် လွှစင်ကျေးရွာမှာ စစ်တပ် ကင်းပုန်းအဖွဲ့နဲ့ PDF တပ်ဖွဲ့တွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား လေးဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ကွမ်းခြံကျေးရွာရှိ စစ်တပ် အထိုင်ဂိတ်စခန်းကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တွေနဲ့ သာယာဝတီခရိုင် ပကဖတပ်ဖွဲ့ (၁ ၊ ၂) တို့က ပြီးခဲ့တဲ့ မေ ၉ ရက်မှာ ဝင်ရောက်တိုက်ခိုက်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.