မော်လမြိုင် ၊ မေ ၁၃

အာဆီယံ အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘာတာဝန်ယူမှု တာဝန်ခံမှုမှမရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို အသိအမှတ်မပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေ ၁၁ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံနဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားဝင်မှုအပေါ် စစ်အုပ်စုရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး NUG က သဘောထားထုတ်ပြန်ခဲ့ရာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မြန်မာပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေကို အခိုင်အမာထောက်ခံပေးကြဖို့ကိုလည်း နိုင်ငံတကာကို တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံရှိ နိုင်ငံရေးပြဿနာကို လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာတွေ ဒါမှမဟုတ် အတင်း အကျပ် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲတွေကနေတဆင့် ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအကူးအပြောင်းကနေတဆင့်သာ အခြေခံကျကျ ဖြေရှင်းနိုင်မယ်လို့ NUG က ပြောပါတယ်။

စစ်အုပ်စုက ရွေးကောက်ပွဲရလဒ်တွေကို လျစ်လျူရှုထားတယ်လို့ စွပ်စွဲပြီး သူတို့ကို ဒေသတွင်း ထိတွေ့ဆက်ဆံမှုတွေကနေ ဖယ်ကြဉ်ထားခြင်းအပေါ် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ ထုတ်ပြန်ချက်ကို NUG က ကန့်ကွက်ရှုတ်ချခဲ့သလို အဲဒီပြောကြားချက်တွေဟာ ရှေ့နောက်မညီဘဲ နိုင်ငံရေးအရ ရိုးသားမှုမရှိတဲ့ လုပ်ရပ်တွေလို့ ဖော်ပြထားတာပါ။

ရွေးကောက်ပွဲရလဒ်တွေကို လေးစားဖို့ တောင်းဆိုနေတဲ့ စစ်ခေါင်းဆောင်တွေဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကနေ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို တရားမဝင် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ ပယ်ဖျက်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုအပေါ် ထားရှိတဲ့ အာဆီယံရဲ့ လက်ရှိ ရပ်တည်ချက်ဟာ အကြောင်းမဲ့ သက်သက် ပေါ်ပေါက်လာတာ မဟုတ်ဘဲ စစ်အုပ်စုအနေနဲ့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဖို့ လုံးဝ ပျက်ကွက်နေတာလို့ NUG က ဆိုပါတယ်။

အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ ငြင်းဆန်နေတာနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ရိုက်အကျိုးဆက်ဖြစ်ပါတယ်။

နိုင်ငံရေးအရ တရားဝင်မှု စစ်အာဏာရှင်စနစ်နဲ့ ကျယ်ပြန့်တဲ့ ပဋိပက္ခတွေအောက်မှာ အင်အားသုံးတာ၊ ဝါဒဖြန့်တာ ဒါမှမဟုတ် တင်းကျပ်စွာ ထိန်းချုပ်ကျင်းပတဲ့ လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကနေတဆင့် ဖန်တီးယူလို့ ရနိုင်မှာ မဟုတ်ဘူးလို့ NUG က သတိပေးပါတယ်။

ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတစ်ခု အဖြစ်သတ်မှတ်နိုင်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ အခြေအနေတွေကို စစ်အာဏာရှင်အုပ်စုရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ဘာတစ်ခုမှ တည်ရှိမနေပါဘူး။

အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်၊ မဲဆန္ဒရှင်တွေအတွက် လုံခြုံမှု၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ထောက်ပြထားတာပါ။

ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ မြန်မာလူထုတစ်ရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို ဖယ်ကြဉ်ထားတဲ့ ဘယ်နိုင်ငံရေး လုပ်ငန်းစဉ်မျိုးမဆို ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဝင်မှုတို့ကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ကြောင်း NUG က အတည်ပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.