မနီလာ၊ မေ ၁၂

သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ လူသေဆုံးမှုများတဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေကို ဦးဆောင်ကြီးကြပ်ခဲ့သူ ဖိလစ်ပိုင် လွှတ်တော် အမတ်တစ်ဦးဟာ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC ရဲ့ဖမ်းဝရမ်း မကြေညာခင် နာရီပိုင်းအလိုက လွှတ်တော်ထဲမှာ ခိုလှုံရင်းနဲ့ တိမ်းရှောင် လွတ်မြောက်ခဲ့ပါတယ်။

သူ့နောက်ကို ရဲတပ်ဖွဲ့ဝင်တွေ လိုက်နေချိန် ရော်နယ် ဒယ်လာ ရိုဆာဟာ မေ ၁၁ ရက်က လွှတ်တော်ထဲ ထွက်ပြေးသွားတာကို ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

သူဟာ ICC ရဲ့ ဖမ်းဆီးမယ့် အခြေအနေက သီသီကလေး လွတ်မြောက်ခဲ့ပြီး သူ့ကိုကာကွယ်ထိန်းသိမ်းမှုအောက် ထားရှိထားပါတယ်။

လွှတ်တော်က ထိန်းသိမ်းထားချိန်မှာ သူ့ကို ဖမ်းဆီးမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ပြောပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေလို့ ဆိုသူ ထောင်ပေါင်းများစွာ ပစ်ခတ်ခံရသတ်ဖြတ်ခံခဲ့ရတဲ့ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှု အစီအစဉ်အတွင်း ဒယ်လာ ရိုဆာဟာ တိုက်ရိုက် မဟုတ်ဘဲ ပူးတွဲ ကျူးလွန်သူအနေနဲ့ ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ လူ ၃၂ ယောက် ထက်မနည်း သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရ ပါတယ်။

သမ္မတဟောင်း ဒူတာတေးကတော့ ၂၀၂၅ ခုနှစ် မတ်လမှာ ဖမ်းဆီးခံရပြီးကတည်းက သည်ဟေ့ဂ်မြို့ရှိ ICC အချုပ်ခန်းထဲ ရောက်ရှိနေပါတယ်။

မေ ၁၁ ရက်က လွှတ်တော်အမတ်တွေကို ဖွင့်ပြခဲ့တဲ့ လုံခြုံရေးကင်မရာ ပုံရိပ်တွေမှာ အမျိုးသား စုံစမ်း စစ်ဆေးရေး ဗျူရို အေးဂျင့်တွေက ဒယ်လာ ရိုဆာနောက်ကို လိုက်နေချိန် သူဟာ လှေကားတစ်ခုကနေ လွှတ်တော် စင်္ကြံထဲ ဝင်သွားတာတွေ့ရပါတယ်။

ဒယ်လာ ရိုဆာက သူ့အနေနဲ့ လွှတ်တော် အဆောက်အဦထဲမှာ ဆက်နေပြီး သည်ဟေ့ဂ်မြို့သို့ ဖမ်းဆီး ခေါ်ဆောင်မခံရအောင် အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

တရားဝင် ဖိလစ်ပိုင် ဝရမ်း မရှိတာကြောင့် သူ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုကို တားဆီးပေးရေး သူ့ရဲ့ ရှေ့နေတွေက နိုင်ငံတော် တရားရုံးကို လျှောက်ထားခဲ့ပါတယ်။

မေ ၁၂ ရက် မနက်ပိုင်းမှာ ဒယ်လာရိုဆာက လွှတ်တော် အဆောက်အဦ အပြင်ဖက်မှာ စုဝေး ဆန္ဒပြကြဖို့နဲ့ နိုင်ငံတော် တရားရုံး ဆုံးဖြတ်ချက် မတိုင်ခင် လွှတ်တော်ရှေ့မှာ သတိရှိရှိနေကြဖို့ သူ့ရဲ့ ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။

ဒူတာတေးရဲ့ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ အငြင်းပွားခဲ့တဲ့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာအနေနဲ့ သူ့မှာ အပြစ်ရှိတယ်လို့ ယုံကြည်တယ်ဆိုရင် ပြည်တွင်းမှာ သူ့ကို အမှုဖွင့်ဖို့လည်း ဒယ်လာ ရိုဆာက တိုက်တွန်းပါတယ်။

မိမိမှာ တာဝန်ရှိတယ်ဆိုရင် နိုင်ငံခြား တရားရုံးမှာ မဟုတ်ဘဲ ပြည်တွင်း တရားရုံးမှာ စစ်ဆေးခံမယ်လို့ သူက သတင်းထောက်တွေကို ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.