လန်ဒန်၊ မေ ၁၂

အီရန် စစ်ပွဲကြောင့် ဖြစ်ပေါ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု ပြဿနာ ပြေလျော့စေရေး စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာတွေ အများကြီး စုဆောင်းသိုလှောင်နေမှု တရုတ် ရပ်တန့်သင့်တယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်း တစ်ဦးက ပြောပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ သမ္မတ ဒေါ်နယ် ထရန့်လက်ထက်က နိုင်ငံတကာရေးရာဆိုင်ရာ လက်ထောက် ဘဏ္ဍာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေးဗစ် မောပတ်စ်က အခုလိုမျိုး ပြောဆိုလာတာပါ။

တရုတ်ဟာ ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာ အများဆုံး စုဆောင်းသိုလှောင်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ သူတို့ရဲ့ အများအပြား စုဆောင်းသိုလှောင်နေမှုကို ရပ်တန့်လိုက်လို့ ရပါတယ်လို့ သူက ပြောပါတယ်။

စိုက်ပျိုးရာသီမတိုင်ခင် ဓာတ်မြေသြဇာ လုံလုံလောက်လောက် ရရှိရေး ကမ္ဘာတဝှမ်းလုံးရှိ နိုင်ငံတွေ ခက်ခက်ခဲခဲ ကြိုးပမ်းနေရချိန်မှာ သူ့ရဲ့ ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်တာ ခံရတဲ့ အီရန်က ကမ္ဘာအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားတာကြောင့် ကုန်တင် သင်္ဘောတွေ၊ လောင်စာတင် သင်္ဘောတွေ မဖြတ်သန်းနိုင် ဖြစ်နေပါတယ်။

တရုတ်က ပြည်တွင်း ဖူလုံရေးအတွက်လို့ အကြောင်းပြပြီး ဓာတ်မြေသြဇာ တင်ပို့မှုတွေကို မတ်လ ကတည်းက ရပ်တန့်ထားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကမ္ဘာဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေးဗစ် မောပတ်စ်က သူတို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပါတယ်ဆိုတဲ့ တရုတ်ရဲ့ ပြောဆိုနေမှုတွေကို လုံးဝ ယုံလို့ မရတော့ဘူးလို့ ပြောပါတယ်။

ကမ္ဘာမှာ ဒုတိယ အကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားပေမယ့် တရုတ်က သူတို့ကိုယ်သူတို့ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ဖော်ပြနေပေမယ့် အများကြီးချမ်းသားတဲ့ နိုင်ငံဖြစ်တယ်လို့ သူက ပြောပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း WTO နဲ့ ကမ္ဘာ့ဘဏ်တို့မှာ တရုတ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ် စာရင်းဝင်နေသေးကြောင်းလည်း ဒေးဗစ် မောပတ်စ်က ဆိုပါတယ်။

ဒီပြောဆိုမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ဝါရှင်တန်ရှိ တရုတ်သံရုံးကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ဘူးလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

အီရန် စစ်ပွဲနဲ့ ကြုံနေချိန်မှာ ကမ္ဘာကြီးအနေနဲ့ အမေရိကန်ရဲ့ နောက်မှာ စည်းစည်းလုံးလုံး ရှိသင့်ကြောင်းနဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားမှုအတွက် တရုတ်မှာ ဖြေရှင်းဖို့ နည်းလမ်း တချို့ ရှိလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

တရုတ်က အဲဒီ ရေလမ်းကြောင်းကို ဖွင့်ပေးဖို့ တောင်းဆိုထားပေမယ့် အီရန်က အခုအချိန်အထိ ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ရေလမ်းကြောင်းတွေ ပွင့်နေရင် တရုတ်အတွက် အများကြီး အကျိုးရှိပြီး ကုန်တင်ပို့မှုတွေ အများကြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် ဘေဂျင်းသို့ မကြာခင် သွားရောက်ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေဆုံ ဆွေးဖို့ ပြင်ဆင်ထားချိန်မှာ ဒေးဗစ် မောပတ်စ်က အခုလို ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း ကုန်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်လာနိုင်ပေမယ့် အမေရိကန်ရဲ့ စီးပွားရေးကတော့ ဒူပေတာပေခံနိုင်တယ်လို့ ဒေးဗစ် မောပတ်စ်က သုံးသပ်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.