ဘန်ကောက်၊ မေ ၁၂
တောင်အတ္တလန္တိတ် သမုဒ္ဒရာရှိ အပျော်စီးသင်္ဘော တစ်စီးနဲ့ ဆက်စပ်တဲ့ ရောဂါကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က သတိပေးပြီးနောက် ထိုင်းမှာ ဟန်တာ ဗိုင်းရပ်စ် ကင်းစင်ကြောင်း အစိုးရ လက်ထောက် ပြောရေးဆိုခွင့်ရှိ အမျိုးသမီး လာလီဒါ ပါ့စ်ဗီဗာ တာနာက ပြောလိုက်ပါတယ်။
ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနက အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး သာမန် လူထုအတွက် အန္တရာယ်ကို လေ့လာကြည့်ရာမှာလည်း နည်းပါးကြောင်း တွေ့ရှိတယ်လို့ သူက ပြောပါတယ်။
နိုင်ငံတကာ ရောဂါ စစ်ဆေးရေးနေရာတွေနဲ့ ပြည်တွင်းစစ်ဆေးရေး နေရာတွေမှာ စစ်ဆေးရေး စနစ်တွေ အားကောင်းအောင် လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဟန်တာဗိုင်းရပ်စ်ကို လယ်ကြွက်နဲ့ အိမ်ကြွက်တွေလို ကိုက်ဖြတ် ဖျက်ဆီးတတ်တဲ့ တိရစ္ဆာန်တွေက အဓိက သယ်ဆောင်တာ ဖြစ်ပါတယ်။
ရောဂါရှိတဲ့ တိရစ္ဆာန်ရဲ့ ကျင်ငယ်ရည်ကြောင့် ညစ်ညမ်းနေတဲ့ ဖုန်မှုန့်တွေ ရှူသွင်းမိရင် ဒါမှမဟုတ် အဲဒီ တိရစ္ဆာန်တွေရဲ့ ခန္တာကိုယ်က ထွက်တဲ့ အရည်အစက်တွေ အထူးသဖြင့် အလုံပိတ်နေရာတွေမှာ များသောအားဖြင့် ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်လေ့ရှိပါတယ်။
လူအချင်းချင်းကြား ကူးစက်မှုတွေဟာ ကြုံတောင့်ကြုံခဲ ဖြစ်ပြီး ဗိုင်းရပ်စ် မျိုးစိတ် တချို့ပဲ ကူးစက်တာ ဖြစ်ပါတယ်။
ရောဂါ လက္ခဏာတွေဟာ စောစောပိုင်း အခြေအနေမှာ တုပ်ကွေးရောဂါ လက္ခဏာတွေနဲ့ တူပေမယ့် တချို့ အခြေအနေတွေမှာ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။
လက်ရှိမှာ ဟန်တာဗိုင်းရပ်စ်အတွက် ကုသဆေးနဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။
အန္တရာယ်ရှိတဲ့ ဒေသတွေက ခရီးသွားတွေကို အရှိန်မြှင့် စောင့်ကြည့်ဖို့ ရောဂါထိန်းချုပ် ကာကွယ်ရေး ဌာနကို ထိုင်းအစိုးရက ညွှန်ကြားထားပါတယ်။
လေကြောင်းလိုင်းတွေ၊ ဆိပ်ကမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတဝှမ်း ကျန်းမာရေး အဖွဲ့တွေအနေနဲ့ ရောဂါရှိနိုင်တဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ဖူးတဲ့ ရာဇဝင် ရှိသူအားလုံးကို စစ်ဆေးဖို့လည်း အစိုးရက ညွှန်ကြားထားပါတယ်။
အမျိုးသား ကူးစက်ရောဂါ ကော်မတီကလည်း ထိုင်းဥပဒေအရ ဟန်တာ ဗိုင်းရပ်စ်ကို အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်အဆင့်အဖြစ် သတ်မှတ်သင့်၊ မသင့် လေ့လာမှု တစ်ခုကို ခွင့်ပြုထားပြီး ဖြစ်ပါတယ်။
ပြည်ပမှာ လက်ရှိ ပျံ့နှံ့နေတဲ့ အန်ဒီစ် ဗိုင်းရပ်စ် မျိုးစိပ်ဟာ သေဆုံးနိုင်မှု ၄၀ ရာခိုင်နှုန်း အထိ ရှိပြီး ထိုင်းမှာ အရင်က တွေ့ဖူးတဲ့ ဗိုင်းရပ်စ် မျိုးစိပ်နဲ့ ကွာခြားကြောင်း ချူလာလောင်ကွန် တက္ကသိုလ်က ဒေါက်တာ ယွန် ပူးဗိုရာဝန်က ပြောပါတယ်။
ဟန်တာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ပဋိပစ္စည်းတွေနဲ့ အကြွင်းအကျန်တွေကို ထိုင်းနိုင်ငံရှိ တိရစ္ဆာန်တွေနဲ့ လူသားတွေမှာ စစ်ဆေးတွေ့ရှိခဲ့တာဟာ ဆယ်စုနှစ်များစွာကြာပြီ ဖြစ်ပြီး ပြည်တွင်းမှာ တွေ့ရတဲ့ ဗိုင်းရပ်စ် မျိုးစိပ်ဟာ အများကြီး အန္တရာယ် နည်းတယ်လို့ ဒေါက်တာ ယွန် ပူးဗိုရာဝန်က ဆိုပါတယ်။
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း နယ်ပယ်ဟာ ထိုင်းနိုင်ငံရဲ့ အဓိက စီးပွားရေး လုပ်ငန်းတွေထဲက တစ်ခု ဖြစ်ပြီး နှစ်စဉ် ခရီးသည် အများအပြား ဝင်ရောက်လာလေ့ရှိပါတယ်။
လောလောဆယ် ဟန်တာ ဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့ အပျော်စီးသင်္ဘောကို စပိန်နိုင်ငံက ကျွန်း တစ်ကျွန်းမှာ ဆိုက်ကပ်ထားပြီး သင်္ဘောပေါ်က လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနေပါတယ်။
လက်ရှိ ရောဂါ ပျံ့နှံ့မှုကြောင့် သေဆုံးသူ ၄ ဦး ရှိတယ်လို့ သိရပြီး ရောဂါ ရှိ၊မရှိ စစ်ဆေးမှုတွေ အရှိန်မြင့် ပြုလုပ်နေပါတယ်။
လက်ရှိ ဟန်တာ ဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ ကပ်ရောဂါအဆင့် မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ကြေညာထားပါတယ်။
Ref:Bangkokpost

