ဘန်ကောက်၊ မေ ၁၁

ကမ္ဘောဒီးယားနဲ့ ရေပြင် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုအတွင်း ပြင်ပနိုင်ငံတွေရဲ့ အကူအညီနဲ့ ဖြေရှင်းရေးထက် နှစ်‌နိုင်ငံ တိုက်ရိုက်ဆွေးနွေးရေး ပိုမိုလိုလားကြောင်း ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

မိမိတို့ရဲ့ နှစ်နိုင်ငံ အငြင်းပွားမှုကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ကိုယ်တိုင် ဖြေရှင်းသင့်တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကတ်ကွေးက မေ ၁၁ ရက်မှာ ပြောလိုက်တာပါ။

နှစ်နိုင်ငံ ဖြေရှင်းရာမှာ ကုလသမဂ္ဂ ရေပြင်ဆိုင်ရာ ဥပဒေ Unclos ကို မူဘောင်အနေနဲ့ အသုံးပြုပြီး တခြား လုပ်ငန်းစဉ်တွေကိုလည်း ကုလသမဂ္ဂ သဘောတူညီမှုတွေ အတိုင်း ဖြေရှင်းဖို့ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။

နှစ်နိုင်ငံ ရေပြင် အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ Unclos ဥပဒေအရ မဖြစ်မနေ ရင်ကြားစေ့ရေးကို အသုံးပြုဖို့ နှစ်နိုင်ငံစလုံးက လိုလားကြောင်း ကမ္ဘောဒီးယား သတင်းတစ်ရပ် ထွက်ပေါ်လာပြီးနောက် ဝန်ကြီး ဆီဟာဆက်က အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ရေပြင် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုကို ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ တွေ့ဆုံချိန်က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားရဲ့ ဖော်ပြချက်အရ အငြင်းပွားမှု အဆုံးသတ်ရေး ဖျန်ဖြေပေးသူတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ထိုင်းပင်လယ်ကွေ့မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ရေပြင်ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားနေတာ ဖြစ်ပြီး ဒီ အငြင်းပွားမှုဟာ သက်တမ်းကြာပြီ ဖြစ်ပေမယ့် နယ်စပ်မှာ နှစ်နိုင်ငံ အပြန်အလှန် တိုက်ခိုက်ပြီးနောက်မှာ ပိုပြီး အရှိန်မြင့်လာတာ ဖြစ်ပါတယ်။

ရေပြင်ဆိုင်ရာ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ၂၀၀၁ နားလည်မှု စာချွန်လွှာကို တဖက်သတ် ဖျက်သိမ်းရေး ထိုင်းရဲ့ ဆုံးဖြတ်ချက်ကို တားဆီးဖို့ ကမ္ဘောဒီးယားက ကြိုးပမ်းနေတယ်လို့ ထိုင်းအစိုးရက သံသယရှိနေတာ ဖြစ်ပါတယ်။

မိမိတို့ နိုင်ငံတွေအနေနဲ့ အပြန်အလှန် ယုံကြည်မှု ပြန်လည် တည်ဆောက်ရမှာ ဖြစ်ပြီး နယ်စပ်အရေး စတင် မဆွေးနွေးခင် ပွင့်လင်းတဲ့ စိတ်သဘောထား တားရှိဖို့ အရေးကြီးတယ်လို့ ဝန်ကြီး ဆီဟာဆက်က ပြောဆိုထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.