နယူးဒေလီ၊ မေ ၁၁
အရှေ့အလယ်ပိုင်း စစ်ပွဲ ဆက်လက် ဖြစ်ပွားနေမှုကြောင့် ကမ္ဘာ့လောင်စာဈေး မြင့်တက်နေမှုကို ဖြေရှင်းရေး အိန္ဒိယနိုင်ငံသားတွေအနေနဲ့ နေအိမ်ကပဲ အလုပ်လုပ်ကြဖို့၊ ရွှေတွေ လျှော့ဝယ်ကြဖို့၊ ပြည်ပသို့ ခရီးသွားမှုတွေကို ကန့်သတ်ကြဖို့ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီက တိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်ကာလတုန်းကနဲ့ ဆင်တူတဲ့ အခုလို ခြိုးခြံ ချွေတာရေး အစီအစဉ်တွေကြောင့် အိန္ဒိယရဲ့ လောင်စာ အသုံးပြုမှုကို လျော့ကျစေမှာ ဖြစ်ပြီး နိုင်ငံခြားငွေ သုံးစွဲမှု သက်သာစေမှာ ဖြစ်တယ်လို့ မိုဒီက ပြောပါတယ်။
အိန္ဒိယဟာ သူတို့ အတွက် လိုအပ်တဲ့ ရေနံပမာဏရဲ့ ၉၀ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းတာ ဖြစ်ပြီး အီရန်စစ်ပွဲ စတင်ပြီးနောက်ပိုင်း သူတို့ရဲ့ လောင်စာအတွက် အသုံးပြုရတဲ့ ငွေပမာဏ မြင့်တက်လာပါတယ်။
အီရန်က ကမ္ဘာ့လောင်စာ စီးဆင်းမှုအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ထားတာဟာ အခုဆို နှစ်လခွဲကျော် ကြာလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက်က တောင်ပိုင်းမြို့ ဟိုက်ဒရာဘက်က အခမ်းအနား တစ်ခုမှာ ပြောကြားခဲ့တဲ့ မိုဒီရဲ့ ပန်ကြားချက်ဟာ အခုအချိန်ထိ အပြင်းထန်ဆုံး ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
မျိုးချစ်စိတ်ဆိုတာက နယ်စပ်မှာ ကိုယ့်အသက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိတာလောက်ကိုပဲ ခေါ်တာ မဟုတ်ပါဘူး။ နိုင်ငံအတွက် တာဝန်သိသိနေထိုင်တာ ကိုယ့်တာဝန်တွေ ပြီးမြောက်အောင် လုပ်ဆောင်တာနဲ့ ဆိုင်ပါတယ်လို့ မိုဒီက ဆိုပါတယ်။
လက်ရှိ အခြေအနေမှာ မိမိတို့ အနေနဲ့ နိုင်ငံခြားငွေ ချွေတာ စုဆောင်းရေး ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ မိုဒီက ဖြည့်စွက် ပြောပါတယ်။
လယ်သမားတွေအနေနဲ့ ဓာတ်မြေသြဇာ အသုံးပြုမှုကို ထက်ဝက် လျှော့ချဖို့နဲ့ အများပြည်သူ အနေနဲ့ အမြန်ရထားလို အများသုံး ပို့ဆောင်ရေး စနစ်တွေ အသုံးပြုကြဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။
သက်ရောက်မှုတွေကို မေ ၁၁ ရက်က အိန္ဒိယ ဈေးတွေမှာ မြင်တွေ့ခဲ့ရပြီး မိုဒီရဲ့ ပြောဆိုမှုတွေဟာ အိန္ဒိယ ရှယ်ယာဈေးကွက် ဈေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အီရန် စစ်ပွဲကြောင့် စီးပွားရေး အနှောင့်အယှက် ဖြစ်မှု ရှည်ကြာလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
အစိုးရ ဖွင့်ထားတဲ့ လောင်စာ လက်လီ အရောင်းဆိုင်တွေအပေါ် ဖိအားတွေ ပိုများလာနေပေမယ့် အိန္ဒိယက ဓာတ်ဆီနဲ့ ဒီဇယ်ဈေး မတိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သက်ရောက်မှုတွေကို လုပ်ငန်းနယ်ပယ် အများကြီးမှာ မြင်တွေ့နေရပြီး စက်ရုံတွေက အလုပ်အကိုင် ထောင်ပေါင်းများစွာ အန္တရာယ် ကျရောက်နေပါတယ်။
ဓာတ်မြေသြဇာ ထောက်ပံ့နိုင်မှု ပမာဏ လျော့ကျနေတာကြောင့် ကောက်ပဲသီးနှံ အထွက်နည်းနိုင်ပြီး စားနပ်ရိက္ခဈေး မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဒါပေမဲ့ အိန္ဒိယ ရူပီးငွေအပေါ် သက်ရောက်မှုက အပြင်းထန်ဆုံး ဖြစ်ပြီး မကြာသေးခင် သီတင်းပတ်တွေအတွင်းက စံချိန်တင် တန်ဖိုး လျော့ကျခဲ့ပါတယ်။
Ref:BBC

