ဝါရှင်တန်၊ မတ် ၁၁
ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် အီရန် တုံ့ပြန်မှုကိုသမ္မတ ဒေါ်နယ် ထရန့်က မေ ၁၀ ရက်မှာ ပယ်ချလိုက်တာကြောင့် သီတင်း ၁၀ ပတ်ကြာခဲ့တဲ့ စစ်ပွဲ အဆုံးသတ်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ မှေးမှိန်သွားခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်နဲ့ လက်ဘနွန်မှာ ကျယ်ပြန့်တဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဓိက ကုန်သွယ်ရေး လမ်းကြောင်း တစ်ခု ဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြားကို သင်္ဘောတွေ ဖြတ်သန်းဖို့ အခက်အခဲ ရှိတာကြောင့် ကမ္ဘာ့လောင်စာဈေး မြင့်တက်လာနေပါတယ်။
ညှိနှိုင်းမှုတွေ ပြန်လည် စတင်ရေး မျှော်လင့်ပြီး အမေရိကန်က အဆိုပြုချက် တစ်ရပ် ဖော်ပြခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အီရန်က အထူးသဖြင့် လက်ဘနွန်နဲ့ မျက်နှာစာ အားလုံးမှာ တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး ဟောမု့ဇ် ရေလက်ကြားအား ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးတို့နဲ့ ပတ်သက်လို့ တုံ့ပြန်ခဲ့ပါတယ်။
အီရန် နိုင်ငံပိုင် ရုပ်သံလိုင်းက ဖော်ပြခဲ့တဲ့ အဲဒီတုန့်ပြန်မှု ထွက်ပေါ်လာပြီးနောက် နာရီပိုင်း အတွင်း ထရန့်က အီရန် တုံ့ပြန်မှုကို ပယ်ချပြီး လူမှုမီဒီယာပေါ်မှာ ပို့စ် တစ်ခု ဖော်ပြခဲ့ပါတယ်။
အီရန် ကိုယ်စားလှယ်တွေလို့ ဆိုသူတွေရဲ့ တုံ့ပြန်မှုကို ကျွန်တော် ဖတ်ကြည့်ပြီးပါပြီ။ကျွန်တော် သဘောမကျပါဘူး။ လုံးဝ လက်မခံနိုင်စရာ ဖြစ်ပါတယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးပါတယ်။
အီရန်ရဲ့ အဆိုပြုချက်မှာ စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် လျော်ကြေးပေးရေး၊ ရေလက်ကြားအပေါ် အီရန်က အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုရေးတို့ ပါဝင်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။
အမေရိကန်ရဲ့ ရေတပ် ပိတ်ဆို့ထားမှုတွေ အဆုံးသတ်ရေး၊ နောက်ထပ် တိုက်ခိုက်မှု မလုပ်ပါဘူးလို့ အာမခံရေး၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးရေး၊ အီရန် ရေနံ ရောင်းချမှု အပေါ် အမေရိကန် တားမြစ်ချက် အဆုံးသတ်ရေးအတွက်လည်း တိုက်တွန်းထားကြောင်း အီရန် မီဒီယာ Tasnim သတင်းဌာနက ဖော်ပြပါတယ်။
အီရန်က သူတို့ရဲ့ သန့်စင်ထားပြီးသား ယူရေနီယံ တချို့ကို အဆင့်လျှော့ချဖို့နဲ့ တတိယနိုင်ငံသို့ ရွှေ့ပြောင်းဖို့လည်း အဆိုပြုခဲ့တယ်လို့ Wall Street Journal က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
စစ်ပွဲနဲ့ ပတ်သက်လို့ ကြားဝင် စေ့စပ်ပေးနေတဲ့ ပါကစ္စတန်က အီရန်ရဲ့ တုံ့ပြန်မှုကို အမေရိကန်ဆီ တစ်ဆင့် ပေးပို့ခဲ့တာ ဖြစ်တယ်လို့ ပါကစ္စတန် အရာရှိ တစ်ဦးက ပြောပါတယ်။
စစ်ပွဲအတွင်း တစ်လကြာ အပစ်အခတ် ရပ်ထားပေမယ့် ၄၈ နာရီလောက် တော်တော်လေး ငြိမ်သက်နေပြီး နောက်မှာ မေ ၁၀ ရက် ပင်လယ်ကွေ့ နိုင်ငံ တချို့မှာ တိုက်ခိုက်ရေး ဒရုန်းတွေ တွေ့ရှိခဲ့တာကြောင့် ဒေသတွင်း ရင်ဆိုင်နေရဆဲ ဖြစ်တဲ့ အန္တရာယ်ကို မီးမောင်းထိုးပြနေပါတယ်။
ဒါပေမဲ့ ကာတာ ရေနံတင်သင်္ဘော တစ်စီး ဟောမု့ဇ် ရေလက်ကြားကနေ အန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်ခဲ့ပြီး ပါကစ္စတန်သို့ ဦးတည် ခုတ်မောင်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ပွဲ စတင်ပြီးနောက်ပိုင်း အဲဒီ ရေလက်ကြားက ကာတာရဲ့ သဘာဝဓာတ်ငွေ့ အရည်တင်သင်္ဘော တစ်စီး ပထမဆုံး ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
အီရန်ရဲ့ တုံ့ပြန်မှုကို ထရန့်က ပယ်ချလိုက်ပြီးနောက်မှာ ကမ္ဘာ့ရေနံဈေး တစ်ခါပြန် မြင့်တက်လာခဲ့ပါတယ်။
ထရန့်အနေနဲ့ တရုတ် ခရီးစဉ် မတိုင်ခင် စစ်ပွဲ ပြီးဆုံးအောင် လုပ်ဆောင်ရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရကြောင်း သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
Source: Reuters

