ဘန်ကောက်၊ မေ ၁၁
ဝါရင့်နိုင်ငံရေးသမား ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာဟာ မေ ၁၁ ရက်မှာ ထောင်ကနေ စောပြီး လွတ်လာခဲ့ပြီဖြစ်ပါတယ်။
အသက် ၇၆ နှစ်အရွယ် ဆက်သွယ်ရေး လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကတည်းက တစ်နှစ်ထောင်ဒဏ် ကျခံနေခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့ ခံဝန်အချုပ်နဲ့ လွတ်နေတဲ့ လေးလတာ ကာလအတွင်း အီလက်ထရွန်နစ် စောင့်ကြည့်ရေး ကိရိယာ ဝတ်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဆံပင်တိုတို ညပ်ထားပြီး အဖြူရောင် ရိုးရိုး ရှပ်အင်္ကျီ ဝတ်ဆင်ထားတဲ့ သက်ဆင်ဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ မိနစ် ၄၀ မှာ ထောင်ထဲက ထွက်လာပြီး ဝန်ကြီးချုပ်ဟောင်း ပေသွန်ထန် ရှင်နာဝါထရာ အပါအဝင် မိသားစုဝင်တွေ လာရောက်တွေ့ဆုံခဲ့ကြပါတယ်။
သူ့ရဲ့ ထောက်ခံသူ ရှပ်နီ ဝတ်ဆင်ထားတဲ့ လူရာပေါင်းများစွာကလည်း လာရောက် ကြိုဆိုခဲ့ကြပါတယ်။
တချို့က သက်ဆင်ကို ငါတို့ချစ်တယ်လို့ အော်ဟစ်ခဲ့ကြကြောင်း အေအက်ဖ်ပီ သတင်းထောက်က ပြောပါတယ်။
ရှပ်နီဝတ်ဆင်ထားတဲ့ ထောက်ခံသူတွေကို သက်ဆင်က ပြုံးပြပြီး လက်ဝှေ့ယမ်းပြခဲ့ပေမယ့် အကျဉ်းထောင် အပြင်ဖက်မှာ ဂျာနယ်လစ်တွေနဲ့ စကားမပြောဘဲနဲ့ ကားတစ်စီးနဲ့ ထွက်ခွာသွား ပါတယ်။
သက်ဆင်ရဲ့ နိုင်ငံရေး ယန္တယားဟာ ထိုင်းနိုင်ငံရဲ့ စစ်တပ် လိုလားသူတွေ၊ နန်းတော် လိုလားတဲ့ လူ့မလိုင်တွေရဲ့ အဓိက ပြိုင်ဆိုင်မှု တစ်ခု ဖြစ်ခဲ့တာ ဆယ်စုနှစ်နှစ်စုကြာခဲ့ ပါတယ်။
သူ့ရဲ့ ဖူထိုင်းပါတီနဲ့ ဆက်စပ် ပါတီတွေဟာ ထိုင်းနိုင်ငံမှာ ၂၁ ရာစုရဲ့ အအောင်မြင်ဆုံး ပါတီ ဖြစ်ခဲ့ပြီး ရှင်နာဝါထရာ မိသားစုကနေ ဝန်ကြီးချုပ် လေးဦးအထိ ထွက်ပေါ်ခဲ့ပါတယ်။
ရှင်နာဝါထရာ မိသားစုဟာ ကျေးလက်နေ လူထုရဲ့ ကျယ်ပြန့်တဲ့ ထောက်ခံမှုကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဖူထိုင်းပါတီဟာ ဖေဖော်ဝါရီလက သူတို့ရဲ့ အဆိုးရွားဆုံး ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး တတိယနေရာသို့ ရောက်ရှိသွားတာကြောင့် သက်ဆင် ခေတ်ကာလ အနာဂတ်နဲ့ ပတ်သက်လို့ မေးစရာတွေ ထွက်ပေါ်နေပါတယ်။
ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ရဲ့ အာဏာရ ညွှန့်ပေါင်း အဖွဲ့မှာ ဖူထိုင်းပါတီ ပါဝင်နေတာကြောင့် နိုင်ငံရေးအရ တကျော့ပြန်လာဖို့ ဖြစ်နိုင်ခြေ လမ်းပွင့်နေပါတယ်။
မြောက်ပိုင်း ချင်းရိုင် ပြည်နယ်က အသက် ၇၆ နှစ်အရွယ် ထောက်ခံသူ ရွမ်မာနီ နာကာနိုက သက်ဆင်အနေနဲ့ လုံးဝ ပြစ်ဒဏ်ချမှတ်မခံခဲ့ရသင့်ဘူးလို့ ပြောပါတယ်။
သက်ဆင်ရဲ့ ထောက်ခံသူတွေက သူ့အနေနဲ့ နိုင်ငံရေး လောကကို ကျောခိုင်းဦးမှာ မဟုတ်ဘူးလို့ ထင်ကြောင်း ပြောထားပါတယ်။
ဒါပေမဲ့ သက်ဆင်ရဲ့ ရန်သူဟောင်းတွေ ဖြစ်တဲ့ ကွန်ဆာဗေးတစ်တွေဟာ အနုတင်ကိုပဲ ဝန်းရံကြလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။
သက်ဆင်ဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတာကြောင့် အာမခံ ရရှိမှာ ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပြီး သူ့ရဲ့ အသက်အရွယ် ထောင်ဒဏ် နောက်ထပ် အနည်းငယ်ပဲ ကျန်ရှိတော့တဲ့ အခြေအနေတွေကြောင့် သူအာမခံ ရရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်က သက်ဆင်ဟာ တစ်နှစ်ကျခံရမယ့် ထောင်ဒဏ်ကို ဆေးရုံတစ်ရုံမှာ ကျခံခဲ့တာကြောင့် ထောင်ဒဏ် ကျခံရာမရောက်ကြောင်း နိုင်ငံတော် တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် သက်ဆင် အမှန်တကယ် ထောင်ကျခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ ၂၀၀၁ ခုနှစ်မှာ ဝန်ကြီးချုပ် အဖြစ် ရွေးကောက်ခံရပြီး ၂၀၀၅ ခုနှစ်မှာ ထပ်မံ ရွေးကောက်ခံခဲ့ရပါတယ်။
သူ့ရဲ့ ဒုတိယမြောက် ရာထူး သက်တမ်း မပြည့်ခင် စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ်လမှာ ထိုင်းသို့ ပြန်လာပြီးနောက် သူဟာ အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစား လုပ်မှုတို့အတွက် ထောင် ၈ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ သူ့အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ်ကို ဘုရင်က တစ်နှစ်သို့ လျှော့ချပေးခဲ့ပြီးနောက် သူဟာ ကျန်းမာရေး အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ ဆေးရုံတစ်ခုရဲ့ အထူးပုဂ္ဂိုလ် အခန်းမှာ နေထိုင်ခဲ့ပါတယ်။
ထောင်ထဲမှာ မနေဘဲ အဲဒီလို ဆေးရုံမှာ နေထိုင်တာဟာ ထောင်ကျခံတာ မဟုတ်ဘူးလို့ နိုင်ငံတော် တရားရုံးက ဆုံးဖြတ်ပြီးနောက် သက်ဆင်ထောင်ထဲကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
Ref:Agencies

