ဝါရှင်တန်၊ မေ ၁၂
တရုတ်သို့ အီရန် ရေနံ တင်ပို့နိုင်အောင် ကူညီပေးတဲ့အတွက် ယူအေအီးရှိ ကုမ္ပဏီ လေးခု၊ဟောင်ကောင်ရှိ ကုမ္ပဏီ လေးခု အပါအဝင် ကုမ္ပဏီ ၉ ခုနဲ့ လူပုဂ္ဂိုလ် သုံးဦး အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရက မေ ၁၁ ရက်မှာ ကြေညာပါတယ်။
အီရန် လက်နက်တွေ ဝယ်ယူနိုင်အောင်၊ ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်ရေး အသုံးပြုမယ့် ပစ္စည်းတွေ ဝယ်ယူနိုင်အောင် ကူညီပေးနေတဲ့ လူတွေနဲ့ ကုမ္ပဏီတွေကို မေ ၈ ရက်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာနက အခုလိုမျိုးကြေညာခဲ့တာ ဖြစ်ပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံရေး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ တရုတ် ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို လုပ်ရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သမ္မတ ရှီနဲ့ တွေ့ဆုံချိန်မှာ ထရန့်က အီရန်နဲ့ ကြုံနေတဲ့ လိပ်ခဲတည်းလည်း အခြေအနေကို ဖြေရှင်းရေးနဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်ရေး ကူညီပေးဖို့ ဖိအားပေးမယ်လို့ မျှော်လင့်ရပါတယ်။
နိုင်ငံခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးက ချမှတ်လိုက်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ နာမည်ခံ ကုမ္ပဏီတွေကို သုံးပြီး တရုတ်သို့ အီရန် ရေနံ တင်ပို့ရောင်းချမှု အားလုံး အဆင်ပြေစေဖို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို ကူညီနေတဲ့ လူတွေနဲ့ လုပ်ငန်းတွေကို ဒဏ်ခတ် ပိတ်ဆို့တာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
အီရန်ရဲ့ နျူကလီးယား စီမံကိန်း ဒါမှမဟုတ် ဒေသတွင်း ကြားခံ အဖွဲ့တွေကို ထောက်ပံ့နေသူတွေ လက်နက်တွေအတွက် ရန်ပုံငွေ ထောက်ပံ့နေတဲ့ အီရန် အစိုးရနဲ့ စစ်ရေး အားနည်းသွားစေဖို့ တီဟီရန်အပေါ် ထရန့် အစိုးရက ဆက်လက် ဖိအားပေးသွားမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့်က ပြောပါတယ်။
အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်ဖို့ အသုံးပြုနေတဲ့ ဘဏ္ဍာရေး ကွန်ရက်တွေကနေ အီရန် အစိုးရကို ဖြတ်တောက်ပစ်ဖို့ အမေရိက ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး ဘက်ဆင့်က ဆိုပါတယ်။
အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ဝါရှင်တန်က သတ်မှတ်ထားတဲ့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ဟာ အီရန် ရေနံ တင်ပို့မှုတွေအတွက် ငွေလက်ခံရေး နာမည်ခံ ကုမ္ပဏီတွေကို အားကိုးနေရပါတယ်။
မေ ၁၁ ရက်မှာ ချမှတ်လိုက်တဲ့ လုပ်ရပ်တွေဟာ ၂၀၂၅ ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အပြင် နောက်ထပ် ထပ်တိုး ပြုလုပ်တာ ဖြစ်ပါတယ်။
Source: Reuters/co

