မော်လမြိုင်၊ မေ ၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ဧပြီလအတွင်းက တိုက်ပွဲ ၂၅ ကြိမ်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ပြောပါတယ်။

ဧပြီ ၂ ရက်နေ့က ၃၀ ရက်နေ့အထိကာလအတွင်းမှာ ကျိုက်ထို၊ သထုံ၊ ဘီးလင်းနဲ့ဘားအံမြို့နယ်တွေမှာ အာဏာသိမ်း စစ်တပ်တပ်တွေနဲ့ KNLA တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားထားတယ်လို့ဆိုပါတယ်။

လေးကေစခန်းသိမ်း တိုက်ပွဲအပြင် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုတွေ စစ်ယာဉ်တန်း ပစ်ခတ်မှုနံ့ တပ်ရင်းတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ကြောင်း KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။

အဲဒီ တိုက်ပွဲကာလအတွင်းမှာ စစ်တပ်ဘက်က ၂၆ ဦး သေဆုံးကာ ၂၄ ဦး ဒဏ်ရာရပြီး ၁၄ ဦးကို အရှင်ဖမ်းမိထားသလို KNLA ပူးပေါင်းအဖွဲ့တွေဘက်က ၅ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဥ်ကာလအတွင်း စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရပြီး နေအိမ် ၆၉ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး နေရပ်မပြန်နိင်ကြသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.