မော်လမြိုင်၊ မေ ၉
မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် အပင်ကြီးတွေ လဲပြိုကာ နေအိမ်တချို့ ထိခိုက်ပျက်ဆီးမှု ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မေ ၈ ရက်၊ ည ၇ နာရီဝန်းကျင် အချိန်ခန့်မှစတင်ကာ မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်တာကြောင့် အောက်ကျင်းရပ်ကွက် ရွှေလမင်း ဆေးရုံဝင်း အတွင်းရှိ ညောင်ပင် လဲပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အခုလို ညောင်ပင်လဲကျခဲ့တာကြောင့် ညောင်ပင်အောက်မှာ ရပ်ထားတဲ့ ဆိုင်ကယ် နှစ်စီး အပင်ပိကာ ထိခိုက် ပျက်စီးမှု ရှိခဲ့ပေမယ့် အနီးအနားရှိ လူတွေကတော့ ထိခိုက်ခဲ့တာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ကျွဲခြံကုန်းရပ်ကွက် ဟင်္သာအဝိုင်းအနီးရှိ မော်လမြိုင် – ကျိုက်မရောကားလမ်းမှာလည်း ထန်းပင် တစ်ပင် ကျိုးကျကာ ပင်မဓါတ်အားလိုင်း ပေါ်တင်နေတာကြောင့် သက်ဆိုင်ရာက ထန်းပင်ကို ခုတ်ထွင် ဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက် ည ၉ နာရီ ၅၀ မိနစ်ဝန်းကျင်အချိန်ခန့်ကလည်း မန္တလေးရပ်ကွက် မီးလောင်ပြင်လမ်းမှာ ရှိတဲ့ ပညာရေးကောလိပ်အနောက်ဘက်က ကျွန်းပင်တစ်ပင် အမြစ်ကနေကျွတ်ကာ လဲပြိုခဲ့ရာမှ အနီးရှိ ဆက်သွယ်ရေး ကွန်ကရစ်တိုင်အပေါ် လဲကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။
ည ၁၀ နာရီအချိန်ခန့်မှာလည်း စစ်ကဲကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ အကောက်ခွန်ဝင်းအတွင်းက ပိတောက်ပင်ဟာ လေပြင်းတိုက်ခတ်မှုကြောင့် လဲပြိုကျမှု ဖြစ်ပွားခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မေ ၈ ရက်နေ့ ညပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် မြို့ပေါ်ရပ်ကွက် တချို့ရှိ နေအိမ်တချို့ဟာလည်း အိမ်အမိုးသွပ်တွေ လွင့်စင် ပျက်ဆီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ ထိခိုက် ပျက်စီးမှုတွေကိုတော့ မီးသတ်တပ်ဖွဲ့၊ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့အပြင် ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်း ရှင်းလင်းခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရာမည လူမှုကယ်ဆယ်ရေး အသင်း

