ရေး၊ မေ ၁၀
မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာနဲ့ လိမ္မော်ခြံကျေးရွာကြားမှာ မေ ၈ ရက်နေ့က အာဏာသိမ်း စစ်တပ်နဲ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက် သေဆုံးရှိတယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးအဖွဲဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ မနက် ၁၁ နာရီခန့်မှာ ခလရ ၁၀၆ တပ်အပါအဝင် စစ်ကောင်စီအင်အား ၃၀၀ ကျော်ပါ ပူးပေါင်းအဖွဲ့ကို KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
စစ်ကြောင်းသတင်းအရ တော်လှန်ရေးအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကျော်အတွင်း နှစ်ဖက်ထိခိုက်မှု ရှိခဲ့တာ ဖြစ်တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသလို တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်ကိုထိုက်မှာလည်း တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုကိုတော့ KNLA တပ်မဟာ (၆) တပ်ရင်း (၂၇) ခွဲ (၁)/တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း ရေးမြို့နယ်၊ အောင်သာယာကျေးရွာတောင်ဘက် ရော်ဘာတောထဲမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် မိုင်းထိလို့ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

