ပေါင်၊ မေ ၁၀

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ် ရေးပါတီက လောင်းကစားဝိုင်းတွေဆီက ငွေကြေး လိုက်လံ တောင်းခံနေတယ်လို့ လောင်းကစားခုံ ပိုင်ရှင်တွေထံကနေ သိရပါတယ်။

အခုလို လောင်းကစားဝိုင်းတွေဆီက ငွေကြေး တောင်းခံတာဟာ ရွေးကောက်ပွဲက တက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေကို တိုက်ရိုက် ထိတွေ့နိုင်အောင် လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်ဖို့အတွက် တောင်းခံတာ ဖြစ်တယ်လို့ သိရပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ လောင်းကစားဝိုင်းတွေဆီက ငွေကြေး တောင်းခံတဲ့ နေရာမှာ ငွေကြေး ပမာဏကို သီးခြား သတ်မှတ်ထားတာ မရှိပေမယ့် လောင်းကစားဝိုင်း တစ်ခုံကို အနည်းဆုံး ကျပ် ၅ သိန်းကနေ ကျပ် ၁၀ သိန်းဝန်းကျင်အထိ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

လောင်းကစားခုံ ပိုင်ရှင် တစ်ဦး ကတော့ မွန်ညီညွတ်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်ဖို့ ငွေကြေး တောင်းခံတာကြောင့် မဖြစ်မနေ ပေးရပြီး မပေးပါက လောင်းကစားဝိုင်းတွေကို ပြဿနာ ရှာမှာစိုးတဲ့အတွက် ပေးဆောင်လိုက်ရတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို မွန်ညီညွတ်ရေးပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ လောင်းကစားဝိုင်းတွေဆီက ငွေကြေး တောင်းခံမှု ရှိမရှိအပေါ် ပါတီ ပြောခွင့်ရ နိုင်သန်းရွှေကို သံလွင်တိုင်းမ်က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

တဖက်မှာတော့ မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲအတွင်း မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနဲ့ ပေါင်မြို့နယ်တွေမှာ လွှတ်တော် ကိုယ်စားလှယ်များရုံးတွေ လိုက်လံ ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

အခုလို မွန်ညီညွတ်ရေးပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များရုံးတွေ လိုက်လံ ဖွင့်လှစ်ထားပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင် ပြည်သူတွေကို မြေပြင်အထိ ကွင်းဆင်း ထိတွေ့တာ မရှိတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ ရှိနေတာပါ။

မွန်ညီညွတ်ရေးပါတီဟာ စစ်တပ်က ဦးဆောင် ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ နေရာနဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိထားတဲ့ ပြည်နယ် အခြေစိုက်ပါတီ တစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MUP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.