မော်လမြိုင် ၊ မေ ၁၀

၂၀၂၁ စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ဖြစ်ပွားနေတဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပေမယ့် ဒီကနေ့အထိ တိုးတက်တဲ့ အခြေအနေ မရှိသေးသလို ဖြေရှင်းနိုင်ခြင်းလည်း မရှိသေးပါဘူး။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတကလည်း မြန်မာ့အရေးကို ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး လက်ရှိအချိန်ထိ ထင်ရှားတဲ့ အဖြေမတွေ့ရသေးဘူးလို့ ထုတ်ပြောလာပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ ပြုလုပ်တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေနဲ့ပတ်သက်ပြီး မေ ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပြောကြားခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ တိုးတက်မှု နှေးကွေးနေတဲ့အပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ စိတ်ပျက်နေကြကြောင်းကိုလည်း သူက အသိပေးခဲ့ပါတယ်။

အာဆီယံကနေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး မြန်မာဘက်က သဘောတူခဲ့ပေမယ့် လက်တွေ့မှာ တိုးတက်မှု မတွေ့ရသေးဘူးလို့ ဖိလစ်ပိုင်သမ္မတက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာပါ။

ဒါဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ဧပြီလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ဟာ ၅ နှစ်ကျော်လာချိန်အထိ စစ်အုပ်စုက အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးတဲ့ အခြေအနေပါ။

‌ဒီအပေါ် အာဆီယံအနေနဲ့ စစ်အုပ်စုကို အရေးယူနိုင်မယ့် အနေအထားမရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ ခက်ခဲနေတာလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး စသဖြင့် ဒါတွေကို အရေးယူဖို့ လိုတယ်။ အနောက်တိုင်းနိုင်ငံတွေမှာ (မြန်မာစစ်အုပ်စုကို) ပြတ်ပြတ်သားသား အရေးယူသလိုမျိုးပေါ့။ Sanction (ဒဏ်ခတ်ပိတ်ဆို့မှု) ကိစ္စလိုမျိုး အာဆီယံထဲက တိတိကျကျ မချမှတ်နိုင်ဘူးဆိုရင် စစ်ခေါင်းဆောင်ကတော့ သူလုပ်ချင်တာတွေ ဆက်လုပ်သွားမှာဖြစ်တယ်။ ဒါကြေင့် ဒီပြဿနာကို ဖြေရှင်းဖို့ ခက်ခဲတယ်။ ဒါကလည်း အာဆီယံရဲ့ အားနည်းချက်ပဲ ဖြစ်တယ်” လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ အတွင်းရေးကို တခြားအဖွဲ့ဝင်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူကြောင့် အားနည်းချက်ဖြစ်နေသလို အဖွဲ့အတွင်းမှာလည်း မြန်မာစစ်အုပ်စုအပေါ် မတူညီတဲ့ သဘောထားတွေ ရှိနေတယ်လို့ နိုင်မွန်စိုင်းက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးမှာ သမ္မတ တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်က အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားရမယ်လို့ ပြောထားတာပါ။

သူတို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မှာ ပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ တခြားအချက်တွေကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အရပ်သားအသွင်ပြောင်း စစ်အစိုးရနဲ့ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို ပြန်လည်ဖော်ဆောင်နေပေမယ့် စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးလမ်းစတွေ မတွေ့ရသေးပါဘူး။

အထူးသဖြင့် ရွေးကောက်ခံအစိုးရအဖြစ် ပုံဖော်နေတဲ့ အာဏာသိမ်း စစ်အစိုးရက ဒီမိုကရေစီရဲ့ စံနှုန်းတွေ အညွှန်းကိန်းတွေကို တိုင်းတာတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို ကန့်သတ်ထားဆဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သတ်မှတ်နေအိမ်မှာ ဆက်လက်ထိန်းသိမ်းထားပြီး မိသားစုဝင်တွေ ရှေ့နေအဖွဲ့တွေ ကုလသမဂ္ဂ အပါအဝင် အာဆီယံ အထူးကိုယ်စားလှယ်တို့နဲ့လည်း တွေ့ဆုံခွင့် မပေးသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာ့နှစ်သစ်ကူးနဲ့ ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားထောင်ချီ လွတ်ငြိမ်းခွင့်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ၃၀၀ လောက်သာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ စာရင်းတွေကနေ သိရပါတယ်။

တစ်ဘက်မှာ အရပ်သား ပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနေသလို လူသားချင်း စာနာထောက်ထားမှုအကူအညီတွေနဲ့ ပတ်သက်ပြီးတော့လည်း နယ်စပ်ဒေသတွေမှာ ရောက်ရှိ မနေသေးပါဘူး။

ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ပြီး PDF တွေကို လက်နက်ချခိုင်းသလို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လှုပ်ရှားတဲ့ ဒေသတွေကိုလည်း စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတာပါ။

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာတော့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်သူ အစုအဖွဲ့ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဲဒီအချက်တွေကို လက်ရှိအချိန်အထိ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့တဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စစ်အုပ်စုက ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခွင့် ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Asean

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.