နေပြည်တော် မေ ၉
စစ်သားဘဝဟာ ရခဲတဲ့ဘဝဖြစ်တာကြောင့် အသက်စွန့်လွှတ်ဖို့ သစ္စာပြုထားတဲ့ စစ်သားဘဝကို ချစ်မြတ်နိုးပြီး ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ကြဖို့ လိုကြောင်း အာဏာသိမ်း စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောဆိုလိုက်ပါတယ်။
မေ ၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အရာရှိ စစ်သည် မိသားစုဝင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် စစ်သားတွေရဲ့ အသက်ခန္ဓာဖြစ်တဲ့ အမိန့်နာခံတတ်မှုဟာ လေ့ကျင့်ရေး အခြေခံဖြစ်ကြောင်း၊ အမိန့်နာခံမှုနဲ့ စည်းကမ်းလိုက်နာမှု အားကောင်းပါက အောင်မြင်မှုများစွာ ရရှိမယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့သေးတာပါ။
လာမယ့်၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းတွေကို ရန်ကုန်နဲ့နေပြည်တော်မှာ စတင်ဖွင့်လှစ်မယ်လို့လည်း ဆိုပါတယ်။ ဒီလို သင်တန်းကျောင်းတွေဟာ စစ်တပ်ရဲ့ ဝါဒကို ဖြန့်ချိပေးဖို့အတွက် သက်သက်သာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက ဝေဖန်ထားတာပါ။
နိုင်ငံအရေးကြုံနေချိန်မှာ စစ်တပ်က ခေါ်ယူခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေဟာ နိုင်ငံ့သားကောင်းပီသစွာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသူတွေ ဖြစ်လို့ အသိအမှတ်ပြုကြောင်းနဲ့ စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့ပြီးသူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ စီမံဆောင်ရွက်ပေးနေတယ်လို့ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက မိန့်ခွန်းထဲ ထည့်သွင်း ပြောဆိုပါတယ်။
တပ်ချုပ်က အခုလို မက်လုံးပေးပြောဆိုနေပေမယ့် သတ်မှတ်ကာလပြည့်လို့ တာဝန်းထမ်းဆောင်ပြီးတဲ့ ပြည်သူ့စစ်မှုထမ်းတွေဟာ အပတ်စဉ် ၁ မှာတင် အိမ်ပြန်မလာနိုင်သူ ထောင်ချီရှိနေတာပါ။
ဒါဟာ အပတ်စဉ် ၁ မှာတင် ပျောက်ဆုံးနေတဲ့ အရေအတွက်ဖြစ်ပြီး လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၂၀ ကျော်လာချိန်မှာ အိမ်မပြန်နိုင်တော့တဲ့ အရေအတွက်ဟာ ငါးသောင်းကနေ ခြောက်သောင်းဝန်းကျင်လောက် ရှိလာနိုင်တယ်လို့ မြန်မာ့ကာကွယ်ရေးနဲ့လုံခြုံရေးရာ အင်စတီကျု MDSI ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

