မော်လမြိုင်၊ မေ ၉

အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတဖြစ်ပြီးနောက်ပိုင်း ဒေသဖွံဖြိုးရေး ခေါင်းစဉ်နဲ့ ရက် ၁၀၀ စီမံချက်ကို အခွင့်ကောင်းယူပြီး စစ်အစိုးရဝန်ထမ်းတွေက ဘားအံ-ရန်ကုန်ကားလမ်းပေါ်မှာ ကုန်စည်တွေကို မတရား ဖမ်းဆီးငွေတောင်းကြမ်းနေတယ်လို့ ကုန်စည်နဲ့ခရီးသည်ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ဆေးမှု အတင်းကြပ်ဆုံးနဲ့ငွေတောင်းအကြမ်းဆုံးက ဘားအံ သံလွင်တံတားဂိတ်၊ စစ်တောင်း တံတားဂိတ်နဲ့ မရမ်းချောင်း စစ်ဆေးရေးဂိတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းကုန်ပစ္စည်းတွေကို အဓိကထား ဖမ်းဆီးနေခြင်းဖြစ်ပေမယ့် စစ်အစိုးရအဖွဲ့တွေနဲ့ဆက်စပ်မှုရှိတဲ့ကားတွေကတော့ ငွေပေးပြီး စိတ်ကြိုက်သယ်ဆောင်ခွင့်ရှိနေတယ်လို့ မြဝတီ-ပဲခူး ခရီးသည်တင်ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

တစ်ခါတရံ ခရီးသွားတွေက ထိုင်းကုန်စည်တွေဖြစ်တဲ့ အချိုရည်၊ စားစရာ တချို့နဲ့အလှကုန်ပစ္စည်းတွေ တကိုယ်ရေ သုံးယူဆောင်လာရင်တောင် ဆွဲချသိမ်းဆည်းထားလိုက်ကြတယ်လို့ ဆိုပါတယ်။

ထိုင်းကုန်စည်တွေ သယ်ဆောင်လိုပါက ပရိုဘောက်ကားငယ်တစီးကို ကျပ် ၁၀ သိန်း၊ ၆ ဘီးတစ်စီးကို ကျပ်သိန်း ၃၀၊ တွဲကားတစီးကို ကျပ်သိန်း ၁၀၀ အထိ ပေးရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

ငွေကြေးမပေး၊ အကြောင်းမကြားဘဲ ဖြတ်သန်းလာတဲ့ ယာဉ်တွေကိုတော့ ဖမ်းဆီးကာ ပစ္စည်းနဲ့ကားကို သိမ်းယူလိုက်တယ်လို့ သိရပါတယ်။

အဲဒီ ဂိတ်တွေမှာ ငွေတောင်းကြမ်းတဲ့ဝန်ထမ်းတွေက အကောက်ခွန်နဲ့ ရဲဝန်ထမ်းတွေက အဆိုးဆုံးဖြစ်တယ်လို့ သိရပြီး ငွေမပေးနိုင်ပါက ဆဲဆိုကြိမ်းမောင်းတာတွေအထိ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.