လောင်းလုံး၊ မေ ၉
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရတယ်လို့ မေ ၇ ရက်နေ့မှာ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
မေ ၆ ရက်နေ့ မနက် ၈ နာရီခန့်မှာ ကျေးရွာအနီး လက်ခတ်တောင်ပေါ်မှာ အထိုင်ချထားတဲ့ စစ်တပ်က အင်အား ၂၀ ကျော်လောက် ကျေးရွာဘက်ကို ဝင်လာချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရိက္ခာဆင်းဝယ်ချိန် သတင်းအရ စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် မိနစ် ၃၀ ခန့်ရှိခဲ့တယ်လို့ ဒူရကစစ်ကြောင်းတာဝန်ခံ ကိုဖားက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးနေရာမှာသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကာ MA 3 သေနတ် ၁ လက်၊ MA ကျည်ဘောက် ၄ ခုနဲ့ ကျည် ၁၀၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် အာဏာသိမ်း စစ်တပ်ဟာ သေဆုံးခဲ့တဲ့ အလောင်းတွေတောင်မကောက်နိုင်ဘဲ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိူးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့် ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိပြု သွားလာနေထိုင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာ၊ ထားဝယ်နည်းပညာတက္ကသိုလ် အရှေ့မှာ ခရီးသွားပြည်သူတွေထံကနေ အတင်းအဓမ္မ ငွေကြေးကောက်ခံနေတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း

