မော်လမြိုင် ၊ မေ ၈
မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြိမ်ရေ ၈၉ ကြိမ်အထိ ရှိခဲ့တာကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှုနဲ့ ပြည်သူ့အိုးအိမ်ပျက်စီးဆုံးရှုံးမှုလည်း မြင့်တက်လာတယ်လို့ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန RICE ကနေ သိရပါတယ်။
RICE ရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်က ၁၀ မြို့နယ်အပါအဝင် ကရင်ပြည်နယ်က ဘားအံ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး အပါအဝင် တနင်္သာရီတိုင်းက ရေဖြူမြို့နယ်တို့မှာ လက်နက်ကြီးပစ်ခတ်မှု အပါအဝင် ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
အဲဒီထဲက လေကြောင်းတိုက်ခိုက်မှုဟာ အကြိမ်ရေအများဆုံးဖြစ်ပြီး ဘီးလင်းမြို့နယ်တစ်ခုတည်းမှာတင် ၈၁ ကြိမ်နဲ့ အများဆုံးတိုက်ခိုက်ခံရပါတယ်။ ဒါ့အပြင် ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်းကို စစ်တပ်က ဗုံးကြဲမှုအပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်နဲ့ ဘားအံမြို့နယ်မှာ ၂ ကြိမ် ရှိခဲ့တာပါ။
လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုမှာတော့ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ဘားအံမြို့နယ်တို့မှာ စုစုပေါင်း အကြိမ်ရေ ၁၇ ကြိမ်ထိ ရှိခဲ့ပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှုမှာတော့ ရေဖြူမြို့နယ်မှာ ၂ ကြိမ် ရှိခဲ့ပါတယ်။
အဲဒီဖြစ်စဉ်တွေကြောင့် အရပ်သား ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၉ ဦးဟာ အသက်ဆုံးရှုံးခဲ့ရသလို ရေဖြူမြို့နယ်က လူသတ်မှုဖြစ်စဉ်ကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ RICE ရဲ့ အချက်အလက်တွေက ဖော်ပြထားတာပါ။
တစ်ဘက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ်မှာ နေအိမ် ၄၅ လုံး၊ ဘားအံမြို့နယ်မှာ နေအိမ် လေးလုံးနဲ့ ကော့ကရိတ်မြို့နယ်မှာ နေအိမ် တစ်လုံး ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဘီးလင်းက ဘုန်းကြီးကျောင်း တစ်ကျောင်း၊ သိမ်တစ်ခု၊ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်၊ ကားသုံးစီးနဲ့ ဘားအံက ဆိုင်ကယ်တစ်ဦးလည်း ပျက်စီးခဲ့ရတာပါ။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ စစ်တပ်ဟာ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအတွင်း လေကြောင်းပစ်ကူတွေကို အားထားနေရပြီး အရပ်သားနဲ့ အများဆိုင်ရာ အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၆ ကနေ ဩဂုတ် ၁၅ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းစစ်ဆင်ရေးအားလုံးမှာ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို အကြိမ်ရေ ၂၄၀၀ ကျော်ထိ ပျံသန်းခဲ့ပါတယ်။ ဒီအတွက် လေယာဉ်ဆီ အင်ပီရီယာယ်ဂါလံ ၁၂ သိန်းကျော် သုံးစွဲခဲ့ရပြီး အမေရိကန်ဒေါ်လာ ၃ သန်းကျော် ကုန်ကျခဲ့ရတယ်လို့ ဖော်ပြထားတာပါ။
တောင်ပိုင်းဒေသတွေမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ကြိမ်ရေတိုးလာသလို ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေလည်း ၁၉၃၀၀ ကျော်အထိ ရှိလာပါတယ်။
အဲဒီထဲမှာ ဘီးလင်းမြို့နယ်အတွင်း စစ်ရှောင်ဦးရေ ၁၃၀၀၀ ကျော်နဲ့ ဘားအံမြို့နယ်မှာ စစ်ရှောင်ဦးရေ ၆၂၈၀ ကျော် ရှိနေပြီး မသင်္ကာမှုနဲ့ စစ်မှုထမ်းခိုင်းမှုတွေကြောင့် အရပ်သား ၅၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ RICE က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

