ဂျီနီဗာ ၊ မေ ၈

အပျော်စီးသင်္ဘော တစ်စီးပေါ်မှာ လိုက်ပါသူတွေကြား ဟန်တာဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ ကပ်ရောဂါ တစ်ခုရဲ့ အစ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြောပါတယ်။

WHO ရဲ့ ကူးစက်ရောဂါပညာရှင် မာရီယာ ဗန် ခက်ဟော့က လက်ရှိ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၆ နှစ်က Covid-19 ရောဂါပျံ့နှံ့မှုနဲ့ မတူဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဟန်တာ ဗိုင်းရပ်စ်ဟာ အနီးကပ် နေထိုင်သူတွေ ရင်းနှီးလွန်းတဲ့ နေထိုင်မှု ပုံစံတွေကြောင့် ကူးစက် ပျံ့နှံ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နယ်သာလန် အပျော်စီးသင်္ဘော အမ်ဗီ ဟွန်ဒီးယပ်စ်ပေါ်ကနေ မကြာသေးခင်က ဆင်းလာတဲ့ လူဒါဇင်ပေါင်းများစွာကို ခြေရာခံရေး ကျန်းမာရေး အရာရှိတွေ အချိန်လု ကြိုးပမ်းနေကြပါတယ်။

WHO က ဟန်တာ ဗိုင်းရပ်စ် ကူးစက်နေတယ်လို့ သံသယရှိသူ ၈ ဦးထဲက ၅ ဦးကို အတည်ပြုထားပြီး ဖြစ်တယ်လို့ မေ ၇ ရက်မှာ ပြောပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲက အသက် ၆၉ နှစ်အရွယ် နယ်သာလန် အမျိုးသမီး တစ်ဦး အပါအဝင် ၃ ဦး သေဆုံးသွားပြီး ဖြစ်ပါတယ်။

သူ့ရဲ့ နယ်သာလန်နိုင်ငံသား အမျိုးသားနဲ့ ဂျာမနီ အမျိုးသမီး တစ်ဦးလည်း သေဆုံးခဲ့ပြီး သူတို့ရဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေပါတယ်။

ဟန်တာ ဗိုင်းရပ်စ်ဟာ ကိုက်ဖြတ် သတ္တဝါတွေကတဆင့် ကူးစက်လေ့ရှိပေမယ့် လူအချင်းချင်းကြား ကူးစက်မှု နောက်ဆုံး အခြေအနေကို ပထမဆုံး စစ်ဆေးတွေ့ရှိတာ ဖြစ်တယ်လို့ WHO က ပြောပါတယ်။

Oceanwide Expeditions ကုမ္ပဏီ ပြေးဆွဲတဲ့ ဇိမ်ခံအပျော်စီးသင်္ဘောဟာ ဧပြီ ၁ ရက်က အာဂျင်တီးနားနိုင်ငံ အူရှာရီယာက စတင်ထွက်ခွာလာတာ ဖြစ်ပြီး မေ ၁၀ ရက်မှာ စပိန် နိုင်ငံ ကာနာရီကျွန်းသို့ ဆိုက်ရောက်ဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။

ခရီးသည်နဲ့ သင်္ဘော အမှုထမ်း ၁၅၀ လောက်ဟာ နိုင်ငံပေါင်း ၂၈ နိုင်ငံက ဖြစ်ပြီး သင်္ဘောပေါ်မှာ ကနဦး လိုက်ပါခဲ့ကြတာ ဖြစ်ပေမယ့် ဧပြီ ၂၄ ရက်က စိန့် ဟီလီနာကျွန်းမှာ ဒါဇင်နဲ့ချီတဲ့ လူတွေ ဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

မေ ၇ ရက်က သတင်းစာရှင်းလင်းပွဲမှာ ဒါဟာ Covid ရောဂါ မဟုတ်သလို တုပ်ကွေးလည်း မဟုတ်ပေမယ့် အရမ်းခြားနားတဲ့ ပုံစံနဲ့ ပျံ့နှံ့နေတယ်လို့ WHO က ပြောပါတယ်။

အဲဒီ သင်္ဘောပေါ်မှာ လိုက်ပါသူ အားလုံး နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ WHO က ညွှန်ကြားထားပါတယ်။

ရောဂါ ကူးစက်ခံထားရတယ်လို့ သံသယရှိသူတွေကို စောင့်ရှောက်ပေးနေသူတွေ ဒါမှမဟုတ် ထိတွေ့ထားသူတွေအနေနဲ့ အဆင့်မြင့်တဲ့ ကာကွယ်ရေးပစ္စည်းတွေ ဝတ်ဆင်သင့်ကြောင်းလည်း WHO က ပြောပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာပဲ WHO ညွှန်ကြားရေးမှူးချုပ် တီဒရို့စ် ဂျီဘရီယီဆပ်စ်က အများပြည်သူအတွက် ကျန်းမာရေး အန္တရာယ်ရှိမှုကို လေ့လာ စုံစမ်းရာမှာ အန္တရာယ် နည်းတယ်လို့ တွေ့ရကြောင်း ဆိုပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ပထမဆုံး အတည်ပြုထားသူ နှစ်ဦးဟာ အာဂျင်တီးနား၊ ချီလီနဲ့ ဥရုဂွေးတဝှမ်း ခရီးသွားလာခဲ့သူတွေ ဖြစ်ပြီး ငှက်ကြည့် ခရီးစဉ်မှာ လိုက်ပါခဲ့သူတွေ ဖြစ်တယ်လို့ တီဒရို့စ် ဂျီဘရီယီဆပ်စ်က ပြောပါတယ်။

အဲဒီ ခရီးစဉ်အတွင်းမှာ ဗိုင်းရပ်စ် သယ်ဆောင်နိုင်တဲ့ ကြွက်မျိုးစိပ်တွေ ရှိတဲ့ နေရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.