ဘေဂျင်း၊ မေ ၈

အကျင့်ပျက်ခြစားမှုအတွက် တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးအပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို ဆိုင်းငံ့ပေးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

မေ ၇ ရက်က စစ်ဖက်ဆိုင်ရာ တရားရုံး တစ်ရုံးက ကာကွယ်ရေးဝန်ကြီးဟောင်းတွေ ဖြစ်တဲ့ ဝေဖန်းဂီနဲ့ လီရှန်းဖူတို့အပေါ် သေဒဏ်ချမှတ်ထားမှုကို နှစ်နှစ် ဆိုင်းငံ့ပေးလိုက်ကြောင်း အမိန့် ချမှတ်ခဲ့တာပါ။

ဒါကြောင့် နှစ်နှစ်ကြာပြီးနောက်မှာ သူတို့ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးဖို့ သို့မဟုတ် အာမခံပေးဖို့ ဖြစ်နိုင်ခြေ မရှိဘဲ တစ်သက်တစ်ကျွန်း ထောင်ဒဏ်အဖြစ် လျှော့ပေါ့ပေးမှာ ဖြစ်ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဟာ လာဘ်ပေးလာဘ်ယူမှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိထားပြီး သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှုအားလုံး သိမ်းဆည်းခံထားရ ပါတယ်။

ကျယ်ပြန့်တဲ့ အကျင့်ပျက်ခြစားမှု နှိမ်နှင်းမှုအတွင်း တရုတ်မှာ စစ်ဖက်ဆိုင်ရာ ထိပ်တန်း ပုဂ္ဂိုလ်တွေကို မကြာသေးခင်က ထုတ်ပယ်ခဲ့ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဝေ ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ မတ်လမှာ လီနဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

လီရဲ့ ကာကွယ်ရေးဝန်ကြီး သက်တမ်းဟာ ပိုပြီး တိုတောင်းခဲ့ပါတယ်။ သူဟာ လူမြင်ကွင်းကနေ ရုတ်တရက် နှစ်လလောက် ပျောက်ကွယ်သွားပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာက ထုတ်ပယ်ခံခဲ့ရပါတယ်။

လီဟာ လာဘ်ငွေ အများအပြား လက်ခံယူခဲ့ကြောင်း ဆင်ဟွာ သတင်းမှာ ဖော်ပြထားပြီး တခြားလူတွေကိုလည်း လာဘ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်း စစ်ဆေးမှုအရ သူဟာ နိုင်ငံရေးဆိုင်ရာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်မှု မရှိဘဲ သူကိုယ်တိုင်နဲ့ တခြားလူတွေအတွက် အကျိုးအမြတ်ရအောင် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ဝေကို ၂၀၂၃ ခုနှစ်အတွင်း စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး သူဟာလည်း ငွေကြေးနဲ့ တန်ဖိုးကြီး ပစ္စည်းတွေ အများကြီး လက်ခံရယူခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ ပါတယ်။

သူဟာ တခြားလူတွေ အတွက်လည်း မလျော်ကန်တဲ့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်တွေ ရရှိအောင် ကူညီပေးခဲ့တယ်လို့ စစ်ဆေးမှု ရလဒ်တွေမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလအတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ရဲ့ အကျင့်ပျက် အရာရှိတွေကို နှိမ်နှင်းနေကြောင်း ရှားရှားပါးပါး လူသိရှင်ကြားကြေညာခဲ့ပြီး ထိပ်တန်း ဗိုလ်ချုပ် ကျန်းယူရှားကို ထုတ်ပယ်ခဲ ပါတယ်။

အဲဒီအချိန်တုန်းက ရှီက တရုတ် စစ်တပ်အနေနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုံးလုံးလျားလျား ပြောင်းလဲမှု တစ်ခုနဲ့ ကြုံနေရပြီလို့ ပြောကြားခဲ့တာပါ။

အာဏာရလာပြီးနောက် သမ္မတ ရှီဟာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး လှိုင်းတွေ အများကြီး လုပ်ဆောင်ခဲ့ပြီး ဒါဟာ နိုင်ငံရေးပြိုင်ဖက်တွေကို နှိမ်နှင်းဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

တရုတ်မှာ အကျင့်ပျက်ခြားစားမှု တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ အရေးယူခံရတဲ့ စစ်ဖက် ဆိုင်ရာ အရာရှိတွေ တော်တော်များများ ရှိပြီး သူတို့ဟာ ရှီကျင့်ဖျင်ရဲ့ အာဏာကို စိန်ခေါ်လာနိုင်တာကြောင့် ဖယ်ရှားခံရတာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.