နယူးဒေလီ၊ ဘေဂျင်း၊ မေ ၈

အိန္ဒိယနဲ့ တရုတ်ရှိ ဘောလုံး ပရိသတ် သန်းပေါင်းများစွာအနေနဲ့ သူတို့ရဲ့ နိုင်ငံတွေမှာ ကမ္ဘာဖလားပြိုင်ပွဲ ထုတ်လွှင့်ပြသမယ်၊ မပြသဘူးဆိုတဲ့ မသေချာ မရေရာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ထုတ်လွှင့်ပြသမယ့် ကုမ္ပဏီတွေဟာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာနဲ့ သဘောတူညီမှု မရနိုင်သေးပါဘူး။

ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ သီတင်းပတ် အနည်းငယ်ပဲ လိုတော့တဲ့အချိန်အထိ ထုတ်လွှင့်ပြသခွင့် သဘောတူညီမှု မရသေးတာက ပုံမှန် မဟုတ်ပါဘူး။

အဲဒီ ရုပ်သံ ထုတ်လွှင့်ပြသခွင့် သဘောတူညီချက်တွေကို ပြိုင်ပွဲ မစခင် လများစွာ အလိုကတည်းက ရယူထားရတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးရှိ ပြည်တွင်း မီဒီယာတွေက ကမ္ဘာ့ဖလား ထုတ်လွှင့်ပြသခွင့် ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ဖီဖာနဲ့ ရုပ်သံကုမ္ပဏီတွေ လွန်ဆွဲနေကြဆဲပဲလို့ ဖော်ပြထားပါတယ်။

တရုတ်နဲ့ အိန္ဒိယမှာ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေပြီး ဒီအခြေအနေမှာ ယုံကြည်မှု ဆက်လက် ထားရှိရမယ်လို့ ပြောပေမယ့် ထုတ်လွှင့်ပြသမှု ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ မှတ်ချက် မပေးပါဘူး။

နိုင်ငံနဲ့ နယ်နိမိတ်ပေါင်း ၁၈၀ က ကမ္ဘာ့ဖလား ထုတ်လွှင့်ပြသခွင့်အတွက် ဖီဖာနဲ့ သဘောတူညီမှု ရယူထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ထုတ်လွှင့် ပြသခွင့်အတွင်း သဘောတူညီမှု မယူရသေးတဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေထဲမှာ အိန္ဒိယနဲ့တရုတ် ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီ နှစ်နိုင်ငံပေါင်းရဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ တစ်ပုံလောက်ရှိနေတာ ဖြစ်ပါတယ်။

ဖီဖာက ကနဦးမှာ တရုတ်နိုင်ငံရဲ့ CCTV ရုပ်သံလိုင်းကို ဘောလုံးပွဲ ပြသခွင့်အတွက် ဒေါ်လာ သန်း ၃၀၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ဖီဖာက ဈေးနှုန်းကို ဒေါ်လာ သန်း ၁၂၀ နဲ့ ၁၅၀ ကြား လျှော့ချထားတယ်လို့ အစိုးရ ထိန်းချုပ်ထားတဲ့ Beijing Daily သတင်းဌာနက ဖော်ပြပါတယ်။

ဒါပေမဲ့ အဆိုပါ ဈေးနှုန်းဟာ CCTV ရုပ်သံက သုံးနိုင်တဲ့ ငွေပမာဏထက် ကျော်လွန်နေတယ်လို့ ဆိုပါတယ်။

တရုတ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ခဲ့တာကြောင့် တရုတ်မှာ စိတ်ဝင်စားသူ နည်းပါမှာ ဖြစ်ကြောင်း အဲဒီ သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်နဲ့ မြောက်အမေရိကကြား အချိန် ကွာခြားမှုကြောင့်လည်း တရုတ်မှာ နံနက် စောစောပိုင်း ဖြစ်နေမှာကြောင့် လူအများ စိတ်ဝင်စားမှု နည်းမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနဲ့ဖီဖာကြားမှာလည်း ရုပ်သံထုတ်လွှင့်ခွင့် သဘောတူညီမှု မရသေးပေမယ့် ပြည်တွင်း မီဒီယာတွေက မကြာခင် သဘောတူညီမှု ရရှိနိုင်တယ်လို့ သတင်းတွေမှာ ဆိုပါတယ်၊။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.