မနီလာ၊ မေ ၆

အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်က မြန်မာနိုင်ငံမှာ နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့ချထားတယ်ဆိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံ အထူးကိုယ်စားလှယ် တွေ့ဆုံခွင့်ပေးရေး မေ ၆ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီတော့လည်း ပွင့်လင်းမြင်သာမှု ပိုရှိရေး ဖိလစ်ပိုင်က တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရေရှည် တည်ငြိမ်မှု ရရှိရေး လိုအပ်တဲ့ အစီအစဉ်တွေ ပြုလုပ်ဖို့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ် တစ်ခု စတင်ဖို့လည်း အခုနှစ် အာဆီယံ ဥက္ကဋ္ဌက စီစဉ်နေတယ်လို့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမျိုးသားရင်ကြားစေ့ရေး စစ်မှန်တဲ့ ကတိကို ဖော်ပြဖို့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ မိသားစုနဲ့ တွေ့ဆုံခွင့် ပေးရမှာ ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးရင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ စေ့စပ်နိုင်မှာ ဖြစ်ကြောင်းလည်း ဖိလစ်ပိုင်က ပြောပါတယ်။

အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်အရ မြန်မာနိုင်ငံမှာ ရင်ကြားစေ့ရေး၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး ဆွေးနွေးမှု အထမြောက်ရေး အရှိန်အဟုန် တည်ဆောက်သွားမယ်လို့ ဖိလစ်ပိုင်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိ ထင်ရှား ရှိသေးသလားဆိုတာကိုတောင် အသေအချာ မသိရကြောင်း သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ပြောကြားပြီး သက်ရှိထင်ရှားရှိသေးကြောင်း သက်သေ ပြပေးဖို့ တောင်းဆိုမှုမှာ လူထောင်ပေါင်းများစွာ ပါဝင်လှုပ်ရှားနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို စစ်ခေါင်းဆောင်တွေက ခြောက်ပုံ တစ်ပုံ လျှော့ချပေးထားပြီး နေအိမ် အကျယ်ချုပ်သို့ ပြောင်းရွှေ့ချထားတယ်ဆိုပေမယ့် ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရပါဘူး။

ဒီသတင်းနဲ့ ပတ်သက်လို့ ကြိုဆိုကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ထားပြီး အပြုသဘောဆောင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောထားပေမယ့် အာရှတိုင်းမ် သတင်းဌာနကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့ချထားခံရတာကို မြန်မာနိုင်ငံ လွတ်မြောက်သလို ထင်မှတ်မမှားဖို့ ဆောင်းပါး ရေးသားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.