ဘေဂျင်း၊ မေ ၆
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် မသွားရောက်ခင် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မေ ၆ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
ဆင်ဟွာ သတင်းဌာနက ဖော်ပြတဲ့ ဝန်ကြီး အာရက်ချီရဲ့ ခရီးစဉ်ဟာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီးနောက်ပိုင်း ပထမဆုံး တရုတ် ခရီးစဉ် ဖြစ်ပါတယ်။
အီရန် တိုက်ခိုက်ခံနေရချိန်မှာ ကမ္ဘာ့လောင်စာအတွက် အရေးကြီးတဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားတာကြောင့် တရုတ်ရဲ့ စွမ်းအင် ဖူလုံမှု ထိခိုက်နေရ ပါတယ်။
တရုတ်ဟာ ကမ္ဘာပေါ်မှာ လောင်စာ တင်သွင်းမှု အများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။
စစ်ပွဲ မတိုင်ခင်က တရုတ်ဟာ အီရန်ရဲ့ ပြည်ပသို့ တင်ပို့တဲ့ ရေနံ ၈၀ ရာခိုင်နှုန်းအထိကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံမှုအတွင်း အာရက်ချီက တရုတ်ဟာ အီရန်ရဲ့ ရင်နှီးတဲ့ မိတ်ဆွေ နိုင်ငံဖြစ်ပြီး လက်ရှိ အခြေအနေမှာတောင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အားပိုကောင်းလာမှာ ဖြစ်ကြောင်း ပြောပါတယ်။
ညှိနှိုင်းမှုတွေအတွင်း မိမိတို့ရဲ့ တရားဝင် အကျိုးစီးပွားတွေနဲ့ အခွင့်အရေးတွေကို ကာကွယ်ရေး အကောင်းဆုံး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မိမိတို့အနေနဲ့ မျှတတဲ့ အားလုံး ပြည်စုံတဲ့ သဘောတူညီမှုကိုပဲ လက်ခံမှာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အဓိက နိုင်ငံတကာ သင်္ဘောလမ်းကြောင်း ဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး အီရန်ကို သံတမန်ရေးအရ ဖိအားပိုပေးဖို့ အမေရိကန်က တရုတ်ကို တိုက်တွန်းထားပါတယ်။
အောက်တိုဘာလက နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီမှု ရယူခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးတက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်နဲ့ အီရန်ကြား အပစ်ရပ်ထားတယ်ဆိုပေမယ့် တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး အီရန် ဆိပ်ကမ်းတွေကို ဝါရှင်တန်က ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။
အီရန်ကလည်း ဟောမု့ဇ် ရေလက်ကြားမှာ သူတို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းက သွေဖယ်ပြီးသွားတဲ့ သင်္ဘောတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။
Ref:Reuters

