မနီလာ၊ မေ ၇
မြန်မာ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ်ပြုရေးနဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့ ဘုံသဘောတူညီမှု မရှိသေးဘူးလို့ သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ သူ့ရဲ့ အာဏာ ဆုပ်ကိုင်ထားမှု တရားဝင် ဖြစ်အောင် လုပ်ဆောင်ပြီး ဧပြီလမှာ သမ္မတ ရာထူးကို ယူလိုက်ပြီးနောက် အခုလို အခြေအနေ ကြုံနေရတာ ဖြစ်ပါတယ်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော် ခရီးစဉ်အတွင်း အာဆီယံနဲ့ ပြန်လည် စေ့စပ်ဖို့ မြန်မာကို ကူညီပေးမှာ ဖြစ်ကြောင်း မင်းအောင်လှိုင်ကို ပြောကြားခဲ့ပါတယ်။
လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်က အာဆီယံ အထူးကိုယ်စားလှယ်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့် ပေးဖို့ တောင်းဆိုထားပါတယ်။
သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်းဏ်တွေကို လျှော့ပေါ့ပေးတာဟာ အမျိုးသား ပြန်လည်း ရင်ကြားစေ့ရေးအတွက် အရေးပါတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ထိုင်းက ပြောဆိုထားပါတယ်။
နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲ ပြည်တွင်းစစ် ဖြစ်နေချိန် နေရာ အကန့်အသတ်နဲ့ပဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အာဆီယံ အပါအဝင် နိုင်ငံတကာက အသိအမှတ် မပြုသေးဘဲ မင်းအောင်လှိုင်ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ ရုရှား၊ တရုတ်၊ ဘီလာရု့စ် တို့လောက်ပဲ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာ ပြဿနာဟာ အာဆီယံရဲ့ ဆွေးနွေးမှုတွေမှာ အဓိက ကိစ္စ ဖြစ်လာခဲ့ပါတယ်။
အာဆီယံ ပြောရေးဆိုခွင့်ရှိသူ ဒိုမီနစ် ဇာဗီယာ အမ် အင်ပါရီရယ်က အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အခြေခံပြီး နေပြည်တော်နဲ့ ပြန်လည် စေ့စပ်ရေး ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပြီး သဘောထား ပြောင်းလဲမှု မရှိဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ အာဆီယံ အဖွဲ့အတွင်းမှာ ဆက်လက် စေ့စပ် ဆက်ဆံမှုတွေ ရှိနေပြီး ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင်လောက်ပဲ မဟုတ်ဘဲ အာဆီယံ အဖွဲ့ဝင် တစ်နိုင်ငံချင်းစီအနေနဲ့ မြန်မာနဲ့ ဆက်ဆံမှုတွေ ရှိနေတယ်လို့ အာဆီယံ ပြောခွင့်ရသူက မေ ၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး တိုးတက်မှု အခြေအနေကို စောင့်ကြည့်နေပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
၂၀၂၁ ဧပြီလက လက်ခံ အတည်ပြုခဲ့တဲ့ အချက် ၅ ချက်ပါ ဘုံ သဘောတူညီချက်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှု ဖြစ်ပေါ်လာရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေး၊ မြန်မာ ပြဿနာအတွင်း ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးနဲ့ အထူးကိုယ်စားလှယ် စေ့စပ် ဆက်ဆံခွင့် ရရှိရေး တိုက်တွန်းထားတာ ဖြစ်ပါတယ်။
မြန်မာ ပြည်တွင်းစစ်ကြောင်း သက်ရောက်မှု အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းက အာဆီယံနဲ့ ပြန်လည် သင့်မြတ်ရေး အရှိန်မြှင့် ကြိုးပမ်းနေတာ တွေ့ရပြီး စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ အစိုးရကို အသိအမှတ်ပြုလိုကြောင်း ထင်ရှားနေပါတယ်။
Ref: BERNAMA

