ရေး၊ မေ ၅
မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်ကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၃ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ချောင်းတောင်ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းချနေသူ တစ်ဦးကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
အဲဒီဖြစ်စဉ်အတွင်း ထွက်ပြေးသွားတဲ့ မူးယစ်ဆေးဝါး ရောင်းချသူကို စစ်ကော်မရှင်တပ်က လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် နေအိမ်တစ်ခုမှာ ထိုင်နေတဲ့ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၇၀ အရွယ် ဦးဝင်းကြည်ဟာ အခင်းဖြစ်ရာ နေရာမှာပဲ ထိမှန်သေဆုံးခဲ့ပြီး အဲဒီဖြစ်စဉ်မှာ စစ်တပ်ဘက်က မိသားစုဝင်တွေကို တစ်စုံတစ်ရာ တောင်းပန်တာ မရှိဘဲ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကလည်း ရေးမြို့နယ် မီးတိုင်တက်ကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရေလုပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

