မော်လမြိုင်၊ မေ ၅

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း အာဏာသိမ်းစစ်ကော်မရှင်တပ်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ တစ်ဦးရှိခဲ့ပြီး စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၇ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအရေအတွက်ထဲမှာ စစ်ကော်မရှင်ရဲ့ ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၇ ဦး ပါဝင်သလို တလအတွင်း အတည်ပြုဖို့ လိုအပ်နေတဲ့ သေဆုံးသူ ၁၂၀ ဦး ဝန်းကျင်ရဲ့ အရေအတွက်ကိုလည်း သီးခြားကောက်ယူထားတယ်လို့ AAPP က ဆိုထားပါတယ်။

တစ်ဘက်မှာလည်း မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတကို ထောင်တွင်းမှ အလွတ်ပြခဲ့ပြီး နေအိမ်တွင်းမှာ‌ တင်းကြပ်တဲ့ ချုပ်နှောင်မှုတွေနဲ့ အကျယ်ချုပ် ချထားတာ ဖြစ်ပါတယ်။

ဒါအပြင် စစ်ကော်မရှင်တပ်က ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ပြောဆိုနေပေမယ့် လက်တွေ့မှာ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံ၊ ဆေးရုံးနဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲနေပြီး ကလေးသူငယ်နဲ့ အမျိုးသမီးတွေကို သတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကလည်း မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ရေပုတ်ကျေးရွာနဲ့ ဇီးဖြူတောင်ကျေးရွာမှာ စစ်ကော်မရှင်က စစ်ကြောင်းထိုးလာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် တစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.