ဘီးလင်း၊ မေ ၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်နဲ့လေးကေစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အထူးတိုင်းစစ်ဌာနက မေ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဘီးလင်းအခြေစိုက် လေးကေစစ်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၈ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ ဘီးလင်းအခြေစိုက် ဝင်းတာပန်စခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပြီး စစ်ကော်မရှင်ဘက်ကလည်း စခန်းမကျရေးအတွက် အပြင်းအထန် ခုခံနေတာပါ။

ဝင်းတာပန်စခန်းမကျရေးအတွက် စစ်ကူပို့လာတဲ့ အင်အား ၂၀၀ လောက်ပါတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ခြောက်ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အရှင်ဖမ်းဆီးရမိထားတဲ့ ဒုတပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၄ ဦးကို စစ်သုံ့ပန်းဥပဒေအတိုင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း စစ်ကော်မရှင်တပ်ဟာ ဝင်းတာပန်စခန်း မကျရေးအတွက် ဝင်းတာပန်နဲ့ကျောက်ဖျာကျေးရွာတို့ကို နေ့စဉ်အမျှ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.