ဝါရှင်တန်၊ ဧပြီ ၃၀
အီရန် စစ်ပွဲအတွက် ကုန်ကျစရိတ်ဟာ ဒီကနေ့ အချိန်အထိ ကန်ဒေါ်လာ ၂၅ ဘီလီယံ ရှိပြီ ဖြစ်ကြောင်း အမေရိကန် ငွေစာရင်းအရာရှိ ဂျူးလ်စ် ဟက်စ်ရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။
သူက လွှတ်တော် လက်နက်ကိုင် ဌာနများဆိုင်ရာ ကော်မတီ ရှေ့မှောက် ဧပြီ ၂၉ ရက် ထွက်ဆိုမှု အတွင်း အခုလိုမျိုး ပြောဆိုခဲ့တာပါ။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံရှိ ဘက်ဂျက်တောင်းခံထားမှုနဲ့ ပတ်သက်လို့ ငွေစာရင်းအရာရှိ ဟက်စ်ဟာ လွှတ်တော်ကော်မတီ ရှေ့မှောက်မှာ ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆေ့ချ်၊ စစ်တပ် အကြီးအကဲများ ဥက္ကဋ္ဌ ဒန်ကိန်းတို့နဲ့အတူ ထွက်ဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါက အီရန် စစ်ပွဲ မစတင်ခင် လများစွာအလို ပြီးခဲ့တဲ့ ဇွန်လနောက်ပိုင်း လွှတ်တော်မှာ ဝန်ကြီးဟက်ဆေ့ချ် လူသိရှင်ကြား သက်သေခံ ထွက်ဆိုတဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အရေးကြီးတဲ့ လက်နက်ခဲယမ်းများ ထုတ်လုပ်ရေး၊ တရုတ်လို အန္တရာယ်ရှိတဲ့ နိုင်ငံကို တားဆီးဖို့ သင်္ဘော တည်ဆောက်ရေး အရှိန်မြှင့်ဖို့ ပင်တဂွန်ရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ လွှတ်တော်က မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။
ဒီမိုကရက် တချို့က အီရန်နဲ့ ပတ်သက်တဲ့ ထရန့်အစိုးရရဲ့ အလုံးစုံ အီရန် ဗျူဟာကို မေးခွန်းထုတ်ထားကြပေမယ့် အခုတော့ အဲဒီဆွေးနွေးမှုတွေ ရပ်တန့်နေပုံ ပေါ်ပါတယ်။
ကော်မတီ အဖွဲ့ဝင် ဒီမိုကရက် လွှတ်တော်အမတ် အဒမ် စမစ်က အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ဟောမု့ဇ် ရေလက်ကြားကို ထိန်းချုပ်မှု အပါအဝင် အရာအားလုံးကို စွန့်လွှတ်ဖို့ သဘောတူထားတယ်ဆိုတဲ့ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခုလ စောစောပိုင်းက ပြောဆိုမှုတွေ အမှန် ဖြစ်မလာသေးဘူးလို့ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး ဟက်ဆေ့ချ်ကတော့ သူ့အနေနဲ့ အီရန်နဲ့ ပတ်သက်လို့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရဖို့ မျှော်လင့်ပြီးသားလို့ ပြောကြားပြီး လွှတ်တော်ကို ဝေဖန်ပါတယ်။
စစ်ဆေးမေးမြန်းတဲ့ ကော်မတီဟာ ဒီအခြေအနေမှာ မိမိတို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ရန်သူ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။
အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ စစ်ပွဲတွေ ဘယ်လောက်ကြာခဲ့သလဲဆိုတာကို သူ့ရဲ့ မျိုးဆက်က မှတ်မိနေသေးကြောင်းနဲ့ အီရန်စစ်ပွဲဟာ အခုမှ နှစ်လလောက်ပဲ ကြာမြင့်သေးတယ်လို့ သူက ပြောပါတယ်။
ဒီအီရန် စစ်ပွဲဟာ အမေရိကန်နိုင်ငံသားတွေ ဘေးကင်းရေးအတွက် ဆက်လက် တည်ရှိရေး တိုက်ပွဲ ဖြစ်တယ်လို့ ဝန်ကြီး ဟက်ဆေ့ချ်က ပြောပါတယ်။
စစ်ပွဲ စတင်ချိန်မှာ သမ္မတ ထရန့်က အီရန်စစ်ပွဲဟာ သီတင်း လေးပတ်ကနေ ခြောက်ပတ် လောက်ပဲ ကြာလိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒယ်လာဝဲယား ဒီမိုကရက် လွှတ်တော်အမတ် ခရစ် ကွန်းစ်က အခုအချိန် အီရန် စစ်ပွဲအတွက် ကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံပဲ ရှိသေးတယ်ဆိုတဲ့ ပြောဆိုမှုကို သံသယဖြစ်မိကြောင်း ပြောပါတယ်။
အခုဖော်ပြတဲ့ ကုန်ကျစရိတ်မှာ စစ်သားတွေ ချထားရတဲ့ ကုန်ကျစရိတ်၊ တပ်ဖွဲ့တွေကို နှစ်လကြာ ထိန်းသိမ်းပေးထားရမှုနဲ့ တခြား ကုန်ကျစရိတ်တွေ မပါဝင်သေးဘူးလို့ ကွန်းစ်က ပြောပါတယ်။
အီရန်ကို တိုက်ခိုက်ဖို့ အသုံးပြုထားတဲ့ လက်နက်ခဲယမ်းတွေအတွက် ဒေါ်လာ ၂၅ ဘီလီယံ ကုန်ကောင်း ကုန်ကျမှာ ဖြစ်ပေမယ့် စစ်ပွဲအတွက် စုစုပေါင်းကုန်ကျစရိတ်ကို ဘယ်လိုမှနားမလည်နိုင်သေးဘူလို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာမှာ လောင်စာ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး အီရန်ကို ဆက်လက် ပိတ်ဆို့ထားမယ်လို့ ထရန့်က ပြောကြားပြီးနောက် ရေနံဈေး တစ်စည်ကို ဒေါ်လာ ၁၂၀ ကျော်အထိ မြင့်တက်သွားခဲ့ပါတယ်။
Ref:CBS

