ဘန်ကောက်၊ ဧပြီ ၃၀
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာကို အာမခံပေးလိုက်ပြီး အီလက်ထရွန်နစ် စောင့်ကြည့်ရေး ကိရိယာလည်း တပ်ထားစရာမလိုတော့ဘဲ မေ ၁၁ ရက်မှာ ပြန်လွတ်မြောက်မယ်လို့ သိရပါတယ်။
ဧပြီ ၂၉ ရက်မှာ တရားရေး ဝန်ကြီးဌာနရဲ့ အာမခံပေးရေး ကော်မတီ အစည်းအဝေး ကျင်းပပြီး အထွေထွေ အာမခံ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ပြည့်မီတဲ့ နိုင်ငံတဝှမ်း အကျဉ်းသား ၅၀၀ ကျော်ရဲ့ အခြေအနေကို ပြန်လည် သုံးသပ်ပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လက်ရှိ ခလုမ် ပရမ် ဗဟို အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ သက်ဆင်အနေနဲ့ အာမခံ ရရှိဖို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး အီလက်ထရန်နစ် စောင့်ကြည့်ရေး ကိရိယာ တပ်ဆင်စရာ မလိုတော့ဘူးလို့ ကော်မတီက သဘောတူညီခဲ့တာပါ။
သက်ဆင်ဟာ အသက် ၇၀ ကျော်နေပြီ ဖြစ်ပြီး ကျန်းမာရေး ပြဿနာတွေလည်း ရှိနေတာကြောင့် အခုလို သက်ညှာ ဆုံးဖြတ်တာ ဖြစ်ကြောင်း ကော်မတီက ပြောပါတယ်။
အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၉ ရက်ကတည်းက ထောင်ကျနေတာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မတိုင်ခင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်က အာဏာအလွဲသုံးမှု၊ အကျိုးစီးပွား ပဋိပက္ခတွေအတွက် ချမှတ်ထားတဲ့ ထောင်ဒဏ် တစ်နှစ်ကို ကျခံရမှာ ဖြစ်ကြောင်း နိုင်ငံတော် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် သူထောင်ဒဏ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။
သက်ဆင်ဟာ ထောင်ဒဏ်ကျခံနေချိန်အတွင်း ကျန်းမာရေးကို အကြောင်းပြပြီး ရဲဆေးရုံ တစ်ခုမှာ အထူး လူနာအဖြစ် တက်ရောက်နေထိုင်ခဲ့ပါတယ်။
၂၀၂၃-၂၄ ခုနှစ်မှာ ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံရှိ VIP အဆောင်မှာ သက်ဆင် နေထိုင်ခဲ့တာဟာ ထောင်ဒဏ် ကျခံရာ မရောက်ဘူးလို့ တရားရုံးက ပြောကြားခဲ့ပါတယ်။
မေ ၁၁ ရက် ရောက်ရင် သက်ဆင်ဟာ သူ့ရဲ့ ပြစ်ဒဏ် သုံးပုံနှစ်ပုံ ကျခံပြီး ဖြစ်တာကြောင့် အာမခံ အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။
တရားရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်း အတွင်းဝန် သာရီနီ ဆာအန်ဆာဝမ် ဦးဆောင်တဲ့ ဧပြီ ၂၉ ရက် အစည်းအဝေးဟာ သုံးနာရီကျော် ကြာမြင့်ခဲ့ပြီး ဌာနတွေအများကြီးက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
မေ ၁၁ ရက်မှာ သက်ဆင်ကို ပြန်လွှတ်ပေးရေး ခလုမ် ပရမ် ဗဟို အကျဉ်းထောင်မှူးနဲ့ အကျဉ်းဌာန အရာရှိတွေဆီ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို တင်ပြသွားမှာ ဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။
မေ ၁၁ ရက် နောက်ပိုင်းမှာ သက်ဆင်ကို သူ့ရဲ့ ကျန်ရှိတဲ့ ထောင်ဒဏ် လေးလအတွက် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အာမခံ စည်းကမ်း သတ်မှတ်ချက်တွေအရ အာမခံနဲ့ ပြန်လွတ်မြောက်လာသူတွေဟာ အရာရှိတွေဆီ ပုံမှန် သတင်းပို့ဖို့ လိုအပ်ပါတယ်။
သတ်မှတ်နယ်မြေထက် ကျော်လွန် သွားလာမယ်ဆိုရင်လည်း ခွင့်ပြုချက်ကြိုတင် တောင်းခံရမှာ ဖြစ်ပြီး စည်းကမ်းချိုးဖောက်ရင် အာမခံ ပျက်ပြယ်နိုင်ပါတယ်။
Ref:Bangkokpost

