ဝါရှင်တန်၊ ဧပြီ ၂၉

အီရန် နျူကလီးယား လက်နက်တွေ မပိုင်ဆိုင်ရဘူးဆိုတာကို ဗြိတိန်ဘုရင် ချားလ်စ်က မိမိနဲ့ သဘောတူကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဂုဏ်ပြုညစာစားပွဲမှာ ပြောလိုက်ပါတယ်။

ညစာစားပွဲမှာ ဗြိတိန်ဘုရင်က ယှဉ်ပြိုင်မှုတွေ များနေတဲ့ ကမ္ဘာမှာ နေတိုး မဟာမိတ်အဖွဲ့၊ အမေရိကန်နဲ့ တခြား မဟာမိတ်ဖွဲ့မှုတွေ အရေးကြီးကြောင်း ထပ်မံပြောဆိုခဲ့တာပါ။

စောစောပိုင်းက လွှတ်တော်သို့ ပြောကြားရာမှာ ဗြိတိန်ဘုရင်က အမေရိကန်-ဗြိတိန် စစ်ဖက် ဆက်ဆံရေးကို ချီးကျူး ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ် ထရန့်ဟာ နေတိုးအဖွဲ့ရဲ့ စစ်အသုံးစရိတ် အပါအဝင် တခြားလုပ်ဆောင်ချက်တွေကို ဝေဖန်လေ့ရှိသူ ဖြစ်ပြီး အမေရိကန်အနေနဲ့ အကူအညီ လိုအပ်လာချိန်မှာ နေတိုး အဖွဲ့ ရှိနေမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

သူက ဗြိတိန် ရေတပ်ကိုလည်း ဝေဖန်ပြီး ဗြိတိန် သင်္ဘောတွေဟာ ကလေးကစားစရာလို ဖြစ်နေပြီး လေယာဉ်တင် သင်္ဘောလည်း အလုပ်မဖြစ်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

ဗြိတိန်ဘုရင်ကတော့ နေတိုး မဟာမိတ်အဖွဲ့ဟာ ရှုပ်ထွေးမှု ပိုများလာပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ ကမ္ဘာမှာ အရေးပါတဲ့ မဟာမိတ် အဖွဲ့ ဖြစ်တယ်လို့ ပြောပါတယ်။

ထရန့်က အီရန်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ မူဝါဒကို ဗြိတိန်ဘုရင်က လက်ခံတဲ့ သဘောမျိုး ပြောဆိုခဲ့ပြီး နှစ်နိုင်ငံ နားလည်မှုတွေ အများကြီး ရယူခဲ့ပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ပြီးနောက် ထရန့်က တခြားနိုင်ငံတွေရဲ့ ထောက်ခံမှု ရရှိဖို့ ကြိုးပမ်းနေပါတယ်။

အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် အရပ်ဖက် အသုံးပြုဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ အကြိမ်ကြိမ် ပြောထားပေမယ့် နျူကလီးယား လက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ အနောက်နိုင်ငံတွေက သံသယရှိနေပါတယ်။

အီရန်ရဲ့ နျူကလီးယား စီမံကိန်းကို ထိန်းချုပ်ရေး ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ သဘောတူညီမှု တစ်ရပ် ရယူခဲ့ပေမယ့် ထရန့်က အမေရိကန်ကို နုတ်ထွက်စေခဲ့တာကြောင့် သဘောတူညီမှု ပျက်ပြယ်ခဲ့ရပါတယ်။

ထရန့်က အီရန်နဲ့ သဘောတူညီမှု အသစ်တစ်ရပ် ရယူဖို့ ကြိုးပမ်းနေပြီး အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားချိန်မှာ သဘောတူညီမှု ရရှိတဲ့အချိန်အထိ အပစ်ရပ်ထားမယ်လို့ ကြေညာထားပါတယ်။

ကမ္ဘာလောင်စာ စီးဆင်းမှုအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားချိန်မှာ ပြန်လည် ဖွင့်လှစ်ရေး ပါဝင် ကူညီကြဖို့ တခြား နိုင်ငံတွေကို တောင်းဆိုထား ပါတယ်။

ဗြိတိန် ဘုရင်ဟာ နတ်ရွာစံသွားပြီ ဖြစ်တဲ့ သူ့ရဲ့ မယ်တော် ဘုရင်မကြီး အဲလိဇဘက် ၂ ပြီးနောက် အမေရိကန် လွှတ်တော်မှာ ပထမဆုံး မိန့်ခွန်းပြောတဲ့ ဗြိတိန် တော်ဝင်မျိုးနွယ် ဖြစ်လာပါတယ်။

ဘုရင်မကြီး အဲလိဇဘက် ၂ ဟာ ၁၉၉၁ ခုနှစ်က အမေရိကန် လွှတ်တော်မှာ မိန့်ခွန်း ပြောကြားခဲ့ဖူးပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.