ဆိုးလ်၊ ဧပြီ ၂၉

ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားဖက်ကနေ ပါဝင် တိုက်ခိုက်ရင်း ဖမ်းဆီးမခံဘဲ လက်ပစ်ဗုံးတွေ ဖောက်ခွဲပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ကင်ဂျုံအန်က ချီးကျူးလိုက်ပါတယ်။

အခုသီတင်းပတ်အတွင်း ပြောကြားတဲ့ မိန့်ခွန်းမှာ မြောက်ကိုရီးယား ခေါင်းဆောင်က ကြီးကျယ်တဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် အသေခံတိုက်ခိုက်ဖို့ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ဖို့ မတွန့်မဆုတ် ရွေးချယ်သွားသူတွေဟာ သူရဲကောင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

အနောက်ပိုင်း ကာ့စ် ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ရေး ရုရှားစစ်တပ်ကို ကူညီဖို့ မြောက်ကိုရီးယားက စစ်သား ၁၅၀၀၀ ထက် မနည်း စေလွှတ်ထားပြီး ၆၀၀၀ ကျော် သေဆုံးသွားပြီ ဖြစ်ကြောင်း တောင်ကိုရီးယားက ခန့်မှန်းထားပါတယ်။

ရုရှားဖက်က ဝင်တိုက်နေတဲ့ မြောက်ကိုရီးယား စစ်သား အရေအတွက်ကို ပြုံယမ်းကလည်း အတည်မပြုသလို မော်စကိုကလည်း အတည်မပြုထားပါဘူး။

အဲဒီ စစ်သားတွေကို ယူကရိန်း စစ်တပ်ရဲ့ ဖမ်းဆီးတာ မခံဘဲ ကိုယ့်ကိုယ်ကို သတ်သေကြဖို့ ပြုံးယမ်းက ညွှန်ကြားထားတယ်လို့ ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ ဘက်ပြောင်း ထွက်ပြေးလာသူတွေက ပြောပါတယ်။

ကိုယ်တိုင် စွန့်လွှတ် အနစ်နာခံမှုကြောင့် လျော်ကြေးမရပါဘူး။ အသက်စွန့်လို့ ဆုလဒ် မရကြပါဘူး။ ဒါက ကျွန်တော်တို့ စစ်တပ်အပေါ် သစ္စာစောင့်သိမှု မြင့်မားတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်လို့ ကျဆုံးသွားတဲ့ စစ်သားတွေအတွက် အမှတ်တရ ရုပ်တုနဲ့ အဆောက်အဦ ဖွင့်ပွဲမှာ ကင်ဂျုံအန်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

အဲဒီ အခမ်းအနားကို တက်ရောက်လာသူတွေထဲမှာ ရုရှား ကာကွယ်ရေးဝန်ကြီး အန်ဒရေး ဘီလောက်ဆော့ဗ်နဲ့ ရုရှား လွှတ်တော်ဥက္ကဋ္ဌ ယာချီလေ့စ် ဗိုလိုဒင်တို့လည်း ပါဝင်ပါတယ်။

မြောက်ကိုရီးယားမှာ ရန်သူ့လက်ထဲ အဖမ်းခံတာဟာ နိုင်ငံတော် သစ္စာဖောက်မှု ဖြစ်တယ်လို့ စစ်သားတွေကို သင်ကြားထားကြောင်း သိရပါတယ်။

တောင်ကိုရီးယား ရုပ်သံလိုင်းတစ်ခုက အခုနှစ်စောစောပိုင်းက ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် တစ်ခုမှာ ယူကရိန်းမှာ စစ်အကျဉ်းသား ဖြစ်ခဲ့တဲ့ မြောက်ကိုရီးယား စစ်သား နှစ်ယောက်ထဲက တစ်ယောက်က သူ့အနေနဲ့ ကိုယ့်ကိုယ်ကို မသတ်သေလိုက်ရတဲ့အတွက် နောင်တရမိကြောင်း ပြောဆိုထားတာကို မြင်တွေ့ရပါတယ်။

တခြားစစ်သားတွေ အားလုံး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ကြပြီး သူ့အနေနဲ့ သတ်သေဖို့ ပျက်ကွက်ခဲ့တယ်လို့ အဲဒီ မြောက်ကိုရီးယား စစ်သားက ပြောပါတယ်။

မြောက်ကိုရီးယားက စစ်သားတွေအပြင် ကာ့စ်ဒေသ ပြန်လည် တည်ဆောက်ရေး ဆောက်လုပ်ရေး ပညာရှင်တွေ စေလွှတ်ပေးမယ်လို့လည်း ရုရှားကို ကတိပေးထား ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.