နယူးယောက်၊ ဧပြီ ၂၉
နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ စစ်တပ်ရဲ့ ဆိုးရွားရက်စက်မှုတွေကို သံသရာလည်ခွင့်ပေးထားပြီး အပြစ်မပေးဘဲထားတာဟာ မြန်မာ ပြည်သူတွေအပေါ် ပျက်ကွက်မှု ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ တွမ် အန်ဒရူးက ဧပြီ ၂၇ ရက်က အထူးတလည် ဝေဖန်ထားတဲ့ နောက်ဆုံး အစီရင်ခံစာမှာ သတိပေးထားပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တွမ် အန်ဒရူးက အဲဒီအစီရင်ခံစာမှာ မြန်မာ စစ်ခေါင်းဆောင်တွေကို တာဝန်ခံခိုင်းရေး အရှိန်မြှင့် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို အရေးတကြီး တိုက်တွန်းပါတယ်။
သူ့ရဲ့ အစီရင်ခံစာကိုလည်း “ပြစ်ဒဏ် ကင်းလွတ်ခွင့်မှသည် တရားမျှတမှုဆီသို့”လို့ ခေါင်းစဉ် တပ်ထားပါတယ်။
တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိစေရေး ကြိုးပမ်းနေသူတွေကို ထောက်ခံကူညီ ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အခုအချိန်အထိ လုပ်ဆောင်ပေးတာ အရမ်း နည်းနေပါတယ်လို့ အန်ဒရူးက ဆိုတာပါ။
မြန်မာပြည်သူတွေအတွက် တရားမျှတမှု ကြန့်ကြာနေတာဟာ တရားမျှတမှု ငြင်းပယ်ခံရတာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
အရပ်သားတွေကို စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်တာတွေ၊ တိုင်းရင်းသား လူနည်းစုတွေကို ဖိနှိပ်ချိုးနှိမ်တာတွေ၊ ကျယ်ပြန့်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားကြောင်း အန်ဒရူးက ဆိုပါတယ်။
နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေနဲ့ ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းတွေက သက်သေ အထောက်အထားတွေ အများကြီး စုဆောင်ထားပေမယ့် အကြီးတန်း စစ်ဖက်ဆိုင်ရာ အရာရှိ တစ်ယောက်တစ်လေမှ ဥပဒေနဲ့ ရင်ဆိုင်ရတာ မရှိသေးဘူးလို့ အန်ဒရူးက ဆိုတာပါ။
နိုင်ငံတကာ ခုံရုံးတွေနဲ့ ပြည်နိုင်ငံတွေမှာ တကမ္ဘာလုံး တရားစီရင်ရေးအရ စစ်ဆေးနေတဲ့ အမှုတွေကြောင့် ထိခိုက်နစ်နာသူတွေအတွက် မျှော်လင့်ချက် အနည်းငယ်ရှိပေမယ့် အဲဒီကြိုးပမ်းမှုတွေဟာလည်း နည်းပါးလွန်းနေသေးကြောင်း အန်ဒရူးက သတိပေးပါတယ်။
မြန်မာ စစ်ဗိုလ်ချုပ်တွေကို တရားစီရင်မယ့်အရေးကနေ ကာကွယ်ပေးထားတဲ့ စနစ်တကျ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရထားတဲ့ အခြေအနေကို ချိုးဖျက်ပစ်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာ ပြဿနာကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) ထံ လွှဲပြောင်းရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆက်လက် ငြင်းဆိုနေမှုအပေါ် အန်ဒရူးက ပြစ်တင် ရှုတ်ချထားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တစ်ကမ္ဘာလုံး တရားစီရင်ပိုင်ခွင့် ပိုမိုလျှောက်ထားကြဖို့ (ICC) ရဲ့ စုံစမ်း စစ်ဆေးမှုတွေ တိုးချဲ့ဖို့ နစ်နာသူတွေအတွက် ရန်ပုံငွေ ရှာဖွေပေးဖို့ အန်ဒရူးက တိုက်တွန်းထားပါတယ်။
ရိုဟင်ဂျာ လူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာ တရားရုံး (ICJ) က ဆုံးဖြတ်ဖို့ ရှိနေချိန်မှာ သူက ပြင်းပြင်းထန်ထန် သတိပေးလိုက်တာ ဖြစ်ပါတယ်။
အထူးသဖြင့် ဗြိတိန်နဲ့ အာဆီယံတို့က ဦးဆောင်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကို အပြစ်ပေးရေး ဆောင်ရွက်သင့်တယ်လို့ အန်ဒရူးက ပြောပါတယ်။
နိုင်ငံတကာက အရေးယူဆောင်ရွက်မှု မရှိပေမယ့် မြန်မာ ပြည်တွင်း တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ ရှေ့နေတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက ပြစ်မှု ကျူးလွန်ထားသူတွေကို တာဝန်ခံခိုင်းဖို့ တက်တက်ကြွကြွ ကြိုးပမ်းနေကြတယ်လို့ အန်ဒရူးက ဆိုပါတယ်။
မြန်မာ ပြည်သူတွေ အတွက် တရားမျှတမှု ရှာဖွေပေးရေး အခွင့်အရေး ရှိနေပေမယ့် အဲဒီ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ဖို့ နိုင်ငံရေး ဆန္ဒမရှိဖြစ်နေတယ်လို့ အန်ဒရူးက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:DVB/UN

