ဝါရှင်တန်၊ ဧပြီ ၂၉
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ပုံပါဝင်တဲ့ နိုင်ငံကူးလက်မှတ်တွေကို အကန့်အသတ်နဲ့ ထုတ်ပေးသွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုလိုက်ပါတယ်။
ဇူလိုင်လအတွင်း ကျရောက်မယ့် အမေရိကန် လွတ်လပ်ရေး ကြေညာမှု နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် တစ်စိတ်တစ်ပိုင်းအနေနဲ့ အဲဒီ နိုင်ငံကူးလက်မှတ်တွေကို ထုတ်ပေးသွားမှာ ဖြစ်ကြောင်း Fox News သတင်းဌာနက ပထမဆုံး ဖော်ပြထားပါတယ်။
ထုတ်ဝေမှု စတင်ပြီးနောက် နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ ဘယ်အမေရိကန် နိုင်ငံသားအတွက် မဆို နိုင်ငံကူးလက်မှတ် ဒီဇိုင်းအသစ်တွေ ရရှိနိုင်မှာ ဖြစ်ပြီး ရရှိနိုင်သရွေ့ဆက်လက် ထုတ်ပေးသွားမှာ ဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိတစ်ဦးက ဘီဘီစီသတင်းဌာနကို အတည်ပြုပါတယ်။
အဲဒီ နိုင်ငံကူးလက်မှတ်တွေကို ဝါရှင်တန် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အေဂျင်စီမှာပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ နိုင်ငံကူးလက်မှတ်ပုံစံ အသစ်မှာ ထရန့်ရဲ့ ပုံကို လွတ်လပ်ရေး ကြေညာစာတမ်း ပတ်ဝိုင်းထားတာတွေ့ရပြီး အမေရိကန် နိုင်ငံ အလံနဲ့ သမ္မတရဲ့ ရွှေရောင် လက်မှတ် ပါဝင်တာတွေ့ရပါတယ်။
လက်ရှိ အမေရိကန် နိုင်ငံကူးလက်မှတ်တွေမှာ လပေါ်မှာ အာကာသယာဉ် ဆင်းသက်တာနဲ့ လွတ်လပ်ရေး ရုပ်တုလိုမျိုး နိုင်ငံ့ ရာဇဝင်ဆိုင်ရာ အခင်းအကျင်းပုံတွေ ပါဝင်တာ ဖြစ်ပါတယ်။
အမှတ်တရ ထုတ်ဝေမယ့် နိုင်ငံကူးလက်မှတ်တွေဟာ ထရန့် နာမည်နဲ့ အလားတူ ဖော်ပြမှုတွေကို အစိုးရရဲ့ စီမံကိန်း အမျိုးမျိုးနဲ့ အများပြည်သူဆိုင်ရာ အဆောက်အဦတွေမှာ ထည့်သွင်းဖော်ပြမှု နောက်ဆုံး လုပ်ဆောင်ချက် ဖြစ်ပါတယ်။
နှစ်ပေါင်း ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထရန့်ပုံပါဝင်တဲ့ ရွှေဒင်္ဂါးတွေ ထုတ်လုပ်မယ့် အစီအစဉ်တွေကို အမေရိကန် ဒင်္ဂါထုတ် စက်ရုံက မကြာသေးခင်က ကြေညာထားပါတယ်။
ထရန့်ဟာ အမေရိကန် ငွေစက္ကူတွေမှာ လက်မှတ်ထည့်သွင်း ဖော်ပြခံရတဲ့ ပထမဆုံး တာဝန်ထမ်းဆောင်ဆဲ သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။
ကနေဒီ စင်တာ ဘုတ်အဖွဲ့က ဖျော်ဖြေရေး အနုပညာ စင်တာကို ထရန့်-ကနေဒီ စင်တာ အဖြစ် နာမည် ပြောင်းလဲသတ်မှတ်ရေး မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
ထရန့်ကို ဂုဏ်ပြုမယ့် အဲဒီ အစီအစဉ်အပေါ် ကွယ်လွန်သွားပြီ ဖြစ်တဲ့ သမ္မတ ဂျွန် အက်ဖ် ကနေဒီရဲ့ မိသားစုဝင်တွေက ပြစ်တင်ရှုတ်ချထားပါတယ်။
ဧပြီလ လဆန်းပိုင်းမှာ အိမ်ဖြူတော်က ရွှေရောင်လွှမ်းတဲ့ အောင်ပွဲ လိပ်ခုံး မုဒ်ဝ တစ်ခု တည်ဆောက်မယ့် အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး ထရန့် လိပ်ခုံးမုဒ်ဦးလို့ နာမည်ပေးထားပါတယ်။
ဝါရှင်တန် ဒီစီမှာ တည်ဆောက်မယ့် ပေ ၂၅၀ (၇၆မီတာ) မြင့်တဲ့ အဲဒီ လိပ်ခုံး မုဒ်ဦး တည်ဆောက်ရေး ဖက်ဒရယ်အဖွဲ့ တစ်ဖွဲ့က ကနဦး ခွင့်ပြုထားပါတယ်။
အဲဒီ အစီအစဉ်နဲ့ ပတ်သက်လို့ အများပြည်သူနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေက အနုတ်သဘော တုံ့ပြန်ထားကြပါတယ်။
သမ္မတ ထရန့်ဟာ သမိုင်းဝင် အိမ်ဖြူတော် အရှေ့ဖက် အဆောင်ကို ဖြိုချပြီး ကပွဲခန်းမ တည်ဆောက်ဖို့လည်း စီစဉ်ထားပါတယ်။
အဲဒီနောက်မှာ အိမ်ဖြူတော်ကို သမိုင်းဆိုင်ရာ အဆောက်အဦများ ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသား အဖွဲ့က တရားစွဲဆိုထားပါတယ်။
Ref:BBC

