မော်စကို၊ ကိဗ်၊ ဧပြီ ၁၀
ရှေးဟောင်း ခရစ်ယာန်ဘာသာဆိုင်ရာ အီစတာပွဲတော်နေ့အတွက် အပစ်ရပ်ထားဖို့ ရုရှားနဲ့ ယူကရိန်း သဘောတူညီထားပါတယ်။
သမ္မတ ဗလာဒီမာ ပူတင်က ရုရှားတပ်ဖွဲ့တွေ အားလုံး အဖက်ဖက်မှာ အပစ်အခတ် ရပ်စဲထားကြဖို့ ညွှန်ကြားထားပါတယ်။
အပစ်အခတ်ရပ်စဲရေး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ကရင်မလင် နန်းတော်က ပယ်ချခဲ့ပြီးနောက်မှာ ရုရှားဖက်က အခုလို အတည်ပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဧပြီ ၁၁ ရက် ဒေသစံတော်ချိန် ၄ နာရီမှာ စတင် အပစ်ရပ်မှာ ဖြစ်ပြီး ဧပြီ ၁၂ ရက် အီစတာပွဲတော်နေ့အထိ ကြာမြင့်မှာ ဖြစ်တယ်လို့ သမ္မတ ပူတင်က ကြေညာထားပါတယ်။
ယူကရိန်းအနေနဲ့လည်း ရုရှားကို ဥပမာယူပြီး လိုက်ပါ လုပ်ဆောင်ဖို့ မျှော်လင့်ကြောင်း ပူတင်က ပြောပါတယ်။
ရုရှားတပ်တွေအနေနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ရန်သူတွေရဲ့ ရန်လို တိုက်ခိုက်မှုတွေကို ကြားဖြတ် တားဆီးရေး ညွှန်ကြားထားတယ်လို့ ပူတင်က ဆိုပါတယ်။
သမ္မတ ဇီလန်စကီးက မိမိတို့လည်း အီစတာပွဲတော်ရက်အတွက် အပစ်ရပ်ထားမှာ ဖြစ်ကြောင်း လူမှုမီဒီယာကတဆင့် ကြေညာခဲ့တာပါ။
အခု သီတင်းပတ်ကုန်ရက်တွေမှာ အမေရိကန်က အပစ်ရပ်ရေး အဆိုပြုချက် တစ်ရပ်ကို မော်စကိုသို့ ပေးပို့သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ ဒရုန်းနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရတာကြောင့် အခုလို အပစ်ရပ်ရေး သဘောတူညီမှုကို ယူကရိန်း စစ်သားတွေ ကြိုဆိုခဲ့ကြပါတယ်။
အပစ်ရပ်မှာ ဖြစ်ကြောင်း ကြေညာချက်ထွက်လာပြီးနောက် ယူကရိန်းမှာ လေကြောင်းရန် သတိပေးချက်တွေ ဆူညံသွားခဲ့ပါတယ်။
ယူကရိန်းကလည်း ရုရှားကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေပြီး ရုရှားရဲ့ စွမ်းအင် အဆောက်အဦတွေကို တိုက်ခိုက်နေပါတယ်။
ပြီးခဲ့တဲ့နှစ် မေလက နာဇီ ဂျာမနီအပေါ် ဆိုဗီယက်တို့ အောင်ပွဲ ရရှိမှု အထိမ်းအမှတ် အတွက် ရုရှားက တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။
အဲဒီ အချိန်တုန်းက အပစ်ရပ် သဘောတူညီမှုကို ရုရှားက အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ်လို့ ယူကရိန်းက ပြောကြားခဲ့ပါတယ်။
Ref:BBC

