ဘေဂျင်း၊ ဧပြီ ၁၀
တရုတ်နဲ့ထိုင်ဝမ် ပြည်သူတွေ ပြန်လည် ပေါင်းစည်းမယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က တရုတ်သို့ ရောက်ရှိလာတဲ့ ထိုင်ဝမ် အတိုက်အခံ ခေါင်းဆောင် ချန်းလီဝမ်ကို ဧပြီ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ကူမင်တန်ပါတီ အမျိုးသမီး ဥက္ကဋ္ဌ ချန်းဟာ ဆယ်စုနှစ် တစ်စုအတွင်း တရုတ်သို့ သွားရောက်တဲ့ ပထမဆုံး ပါတီ ခေါင်းဆောင် ဖြစ်ပါတယ်။
သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ထိုင်ဝမ်မှာ ဝေဖန်မှုတွေ ပြင်းထန်နေပြီး တရုတ်ဖက်ကို ပါလွန်းအားကြီးတယ်လို့ ပြောဆိုနေကြပါတယ်။
ဒီမိုကရက် တိုးတက်ရေးပါတီရဲ့ ဆိုင်အန်ဝမ် သမ္မတ ရွေးကောက်ပွဲ အနိုင်ရပြီး ဘေဂျင်းက ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ ပိုင်ဆိုင်တယ်ဆိုတဲ့ ပြောဆိုချက်ကို ပယ်ချခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်အတွင်း ထိုင်ဝမ်နဲ့ အဆင့်မြင့် ဆက်ဆံမှုတွေကို ဘေဂျင်းက ဖြတ်တောက်ပစ်ခဲ့ ပါတယ်။
ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းမယ့် အရေးဟာ ပြောင်းလဲလို့ မရဘူးလို့ ပါတီခေါင်းဆောင် ချန်းလီဝမ်ကို ပြောပါတယ်။
ကူမင်တန် ပါတီအပါအဝင် ထိုင်ဝမ်ရှိ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ အားကောင်းလာအောင် တရုတ်က လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ရှီကျင့်ဖျင်က ဆိုပါတယ်။
ထိုင်ဝမ်ဟာ မိမိတို့ရဲ့ နယ်နိမိတ် ဖြစ်ပြီး ပြန်လည် ပေါင်းစည်းရေး လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ တရုတ်က သတိပေးထားပါတယ်။
ချန်းလီဝမ်က ထိုင်ဝမ် ရေလက်ကြားဟာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခရဲ့ အဓိက နေရာတစ်ခု မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
တရုတ်က ထိုင်ဝမ်အနီး စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေ နေ့တိုင်းနီးပါး စေလွှတ်ပြီး ဖိအားပေးနေပါတယ်။
ကာကွယ်ရေးအတွက် ကန်ဒေါ်လာ ၃၉ ဘီလီယံ သုံးစွဲမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ထိုင်ဝမ် လွှတ်တော် အမတ်တွေ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြပါတယ်။
ချန်းလီဝမ်ရဲ့ ကူမင်တန်ပါတီ ထိန်းချုပ်ထားတဲ့ ထိုင်ဝမ် လွှတ်တော်မှာ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုဟာ ရှေ့မဆက်နိုင် ဖြစ်နေပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် တရုတ်သို့ ရောက်လာဖို့ ရှိနေချိန်မှာ ကူမင်တန် ပါတီ ခေါင်းဆောင် ဘေဂျင်းသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
Ref:AFP

