ဝါရှင်တန်၊ ဧပြီ ၁၀
အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျိုးပျက်နိုင်တဲ့ အမေရိကန်-အီရန် သဘောတူညီမှု ကစဉ့်ကလျား ဖြစ်သွားနိုင်တယ်ဆိုတဲ့ နိုင်ငံတကာစိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ အစ္စရေးနဲ့ လက်ဘနွန်တို့ လာမယ့်သီတင်းပတ် ဝါရှင်တန်မှာ ဆွေးနွေးမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက ဧပြီ ၉ ရက်မှာ ပြောပါတယ်။
မတ်လ လဆန်းပိုင်းက အရှေ့အလယ်ပိုင်း စစ်ပွဲထဲ ဟစ်ဇဘိုလာ အဖွဲ့ ဝင်ရောက်လာပြီးနောက်ပိုင်း ဧပြီ ၈ ရက်က လက်ဘနွန်ကို အစ္စရေးရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုတွေကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်-အီရန် သဘောတူညီမှု အသက်ဝင်ပြီး ၄၈ နာရီ မပြည့်ခင် ကျိုးပျက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်ကြား လက်ရှိ ပြုလုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေကို လာမယ့် သီတင်းပတ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံ ကျင်းပသွားမှာ ဖြစ်ကြောင်း မိမိတို့ အတည်ပြုနိုင်တယ်လို့ အမေရိကန် အရာရှိက ပြောပါတယ်။
အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက လက်ဘနွန်နဲ့ တိုက်ရိုက် ဆွေးနွေးရေး ဧပြီ ၉ ရက်က သူ့ရဲ့ ဝန်ကြီးတွေကို ညွှန်ကြားခဲ့ပါတယ်။
အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာ အဖွဲ့ လက်နက် ဖြုတ်သိမ်းရေး အစ္စရေးက လက်ဘနွမ်ကို တွန်းအားပေးနေပါတယ်။
လက်ဘနွန်အနေနဲ့ ညှိနှိုင်းမှုတွေမစခင် အပစ်ရပ်ဖို့ အလိုရှိတယ်လို့ လက်ဘနွန် အရာရှိ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောပါတယ်။
လာမယ့် သီတင်းပတ် အမေရိကန်မှာ ဆွေးနွေးမယ့်အကြောင်း အစ္စရေးကရော လက်ဘနွန်ကပါ အတည်ပြုထားတာ မရှိသေးပါဘူး။
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၃၀၃ ဦး သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန်အရာရှိတွေက ဧပြီ ၈ ရက်မှာ ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးက ချိုးဖောက်တာကြောင့် အစ္စရေးကို ဧပြီ ၉ ရက်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဟစ်ဇဘိုလာ အဖွဲ့က ပြောပါတယ်။
အစ္စရေး စစ်ဦးစီးချုပ် ဇာမာ ဧပြီ ၉ ရက်က လက်ဘနွန်သို့ သွားရောက်ပြီး မြေပြင် တပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဟစ်ဇဘိုလာ အဖွဲ့အနေနဲ့ ကြီးမားတဲ့ ထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သူက ခြိမ်းခြောက်ခဲ့တာပါ။
ဟစ်ဇဘိုလာ အဖွဲ့ လက်နက် ဖြုတ်သိမ်းရေး ရည်ရွယ်ပြီး ဝန်ကြီးချုပ် နေတန်ညာဟုက လက်ဘနွန်နဲ့ တိုက်ရိုက် ဆွေးနွေးဖို့ ကြိုးပမ်းနေပါတယ်။
လက်ဘနွန်နဲ့ အစ္စရေးကြား တိုက်ရိုက် ဆွေးနွေးမှုတွေကို ပယ်ချမှာ ဖြစ်ကြောင်း ဟစ်ဇဘိုလာ အဖွဲ့ အရာရှိ တစ်ဦးက ပြောပါတယ်။
ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေမှာ နေထိုင်သူတွေ ဘေးကင်းရာ ထွက်ခွာကြဖို့ အစ္စရေးက ဧပြီ ၉ ရက်က သတိပေးပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သဘောတူညီမှု အချည်းနှီး ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ ဘရပ်ဆဲလ်၊ မော်စကိုနဲ့ အန်ကာရာတို့က သဘောတူညီမှုမှာ လက်ဘနွန်ကိုပါ ထည့်သွင်းဖို့ တိုက်တွန်းထားကြပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အပစ်ရပ်ရေး သဘောတူညီမှု ပြင်းပြင်းထန်ထန် ထိခိုက်နိုင်တယ်လို့ ဂျာမနီ အဓိပဓိ ဖရက်ဒရစ် မားဇ်က သတိပေးထားပါတယ်။
Ref:AFP

