နေပြည်တော် ၊ ဧပြီ ၁၀
နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ်ကို အပြည့်အဝ ရရှိစေဖို့ ဖော်ဆောင်သွားမယ်လို့ ၂၀၂၁ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးကနေ နိုင်ငံတော်သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
ဧပြီ ၁၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ သမ္မတသစ် ကျမ်းကျိန်ပွဲနဲ့ စတင်တာဝန်ထမ်းဆောင်ခြင်းအခမ်းအနားမှာ ကျမ်းကျိန်မှုအပြီး နိုင်ငံတော်သမ္မတတာဝန်နဲ့ ပထမဦးဆုံး မိန့်ခွန်းမှာ သူက ထည့်သွင်းပြောကြားခဲ့တာပါ။
ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့အတွက် လူထုဆန္ဒကို လေးစားစွာနဲ့ နိုင်ငံ့တာဝန်ကို ဂုဏ်ယူစွာ ထမ်းဆောင်မှာဖြစ်ပြီး နိုင်ငံနဲ့ ပြည်သူအကျိုးကို ထိရောက်စွာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရသစ်အနေနဲ့ နိုင်ငံတကာဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် အာဆီယံနဲ့ ဆက်သွယ်ရေးတွေကို တည်ဆောက်သွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ကတော့ မြန်မာနိုင်ငံအနေနဲ့ မေလထဲမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရမှာ မဟုတ်ဘူးလို့ ထုတ်ပြောထားတာပါ။
သမ္မတဖြစ်ချင်လို့ ရွေးကောက်ပွဲမဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ တပ်ချုပ်ဟောင်း ဦးမင်းအောင်လှိုင်ဟာ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုပြု ရွေးချယ်မှုနဲ့ သမ္မတဖြစ်လာသူပါ။
ဒါကြောင့် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်း ရွေးကောက်ခံအစိုးရအဖြစ် အမည်ခံမယ့် အစိုးရအဖွဲ့သစ်အနေနဲ့ နိုင်ငံ့တာဝန်တွေကို ဧပြီ ၁၀ ရက်နေ့ကစပြီး ထမ်းဆောင်မှာ ဖြစ်ပါတယ်။
ဒီအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပြန်အပ်ပြီး စစ်ကော်မရှင်နဲ့ အစိုးရအဖွဲ့အဆင့်ဆင့်ကိုလည်း ဖျက်သိမ်းတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့တာပါ။
ရွေးကောက်ပွဲဝင်ပြိုင်ခြင်းမရှိဘဲ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်နဲ့ ဒုတိယ သမ္မတတွေ ဖြစ်ကြတဲ့ ဦးညိုစောနဲ့ နန်းနီနီအေးတို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ နာယကရှေ့မှောက် ကျမ်းကျိန်ပြီး ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ပြည်ထောင်စုအဆင့် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲစည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေကလည်း ကျမ်းကျိန်ခဲ့ကြပါတယ်။
ဒါ့အပြင် သမ္မတကနေ အဆိုပြုပြီး ကန့်ကွက်မယ့်သူမရှိ အတည်ပြုပြီးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ၃၀ ဦး အပါအဝင် ပြည်ထောင်စုရှေ့နေချုပ် ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌတွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တို့ကလည်း အလားတူပါ။
နိုင်ငံတော် သမ္မတသစ် ကျမ်းကျိန်ပွဲမှာ အာဏာသိမ်းမှုအတွင်း မြန်မာစစ်တပ်ကို လိုအပ်တဲ့ အကူအညီတွေ ကျားကန်ပေးထားတဲ့ တရုတ်နိုင်ငံ အပါအဝင် ရုရှား၊ အိန္ဒိယ၊ ထိုင်း နဲ့ ဂျပန်နိုင်ငံတို့ကလည်း ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ကြတယ်လို့ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
သတင်း – သံလွင်တိုင်းမ်

