မော်လမြိုင်၊ ဧပြီ ၁၁
မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးကို နှစ်လခွဲ ရပ်နားမှာ ဖြစ်ပြီး လာမယ့် တတိယအကြိမ် မွန် ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို ဇူလိုင်လမှသာ ပြန်လည်ကျင်းပမယ်လို့ ပြည်နယ် လွှတ်တော်ထံကနေ သိရပါတယ်။
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးကို မတ်လ ၂၀ ရက်နေ့ကစလို့ ရှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ဧပြီ ၁၀ ရက်နေ့မှာ လွှတ်တော် နောက်ဆုံး အစည်းအဝေး ကျင်းပခဲ့တာပါ။
အစည်းအဝေး နောက်ဆုံးနေ့မှာ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးက လွှတ်တော်အစည်းအဝေး ရပ်နားနေချိန် ကိုယ်စားလှယ်တွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အရေးကိစ္စတွေကို အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေအနေဲ့ ပြည်သူတွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တဲ့သူတွေ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြဖို့ မှာကြားခဲ့ပါတယ်။
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးမှာ မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးတွေ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နဲ့ ပြည်နယ်စာရင်းစစ်ချုပ်တို့ကိုလည်း အတည်ပြုခန့်အပ်ခဲ့ပါတယ်။
ဒါ့အပြင် လွှတ်တော်ရေးရာ ကော်မတီ ငါးခုကို အတည်ပြုဖွဲ့စည်းခဲ့ပြီး ကော်မတီ လေးခုရဲ့ ဥက္ကဋ္ဌ နေရာတွေကိုတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရယူခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

