ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကြောင်း KNU ကြေညာ

ဘားအံ၊ ဧပြီ ၁၁

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အတည်ပြုပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီတို့ကို ဖွဲ့စည်းပြီးစီးပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဧပြီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကနေ ဧပြီလ ၂ ရက်နေ့အထိ ကော်သူးလေမှာ ကျင်းပခဲ့တဲ့ ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပွဲမှာ အချိန်ကာလ ၂ နှစ်ကျော်မျှ အချိန်ယူရေးဆွဲပြင်ဆင်လာခဲ့တဲ့ တော်လှန်ရေးကာလ ကော်သူးလေဋိညာဉ်မူကြမ်းကို အတည်ပြုခဲ့တာပါ။

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အတည်ပြုပြီးတာနဲ့ တပြိုင်နက် ကော်သူးလေအတိုင်ပင်ခံကောင်စီ KCC နဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ KGC တို့ကို ကော်သူးလေပဋိညာဉ် အခန်း ၃ အပိုဒ် ၃ နဲ့ ကော်သူးလေပဋိညာဉ် အခန်း ၃ အပိုင်း ၄ အရ ဖွဲ့စည်းလိုက်တယ်လို့ KNU က ဆိုထားပါတယ်။

ကော်သူးလေအတိုင်ပင်ခံကောင်စီ KCC ရဲ့ တာဝန်မှာ ကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်ပုံဖော်ရေးမှာ သက်ဆိုင်ရာဒေသန္တရက ကိုယ်စားပြုမှုတွေ ပိုမိုအားကောင်းလာစေဖို့နဲ့ လိုအပ်တဲ့အကြံပြုမှုတွေနဲ့ နည်းပညာပံ့ပိုးမှုတွေ ရရှိဖို့ လမ်းညွှန်ဆောင်ရွက်ပေးဖို့ဖြစ်ပြီး KCC မှာ ပါဝင်မယ့် လူပုဂ္ဂိုလ်အမည်စာရင်းတွေကိုလည်း ကနဦးအတည်ပြုခဲ့ကြတယ်လို့ KNU က ပြောပါတယ်။

ကော်သူးလေအုပ်ချုပ်ရေးကောင်စီ KGC ရဲ့ တာဝန်ကတော့ လက်ရှိ KNU ရဲ့ အုပ်ချုပ်ရေးဌာန ၁၂ ခုထဲက ဌာန ၇ ခုနဲ့ အစပြုပြီး အဲဒီဌာနတွေကို ပိုမိုကျယ်ပြန့်တဲ့ပါဝင်မှုနဲ့ စွမ်းဆောင်ရည်တွေ ပိုမိုအားကောင်းလာတဲ့ ဌာနတွေဖြစ်လာရေးအတွက် ကောင်းမွန်သောအုပ်ချုပ်ရေးစံနှုန်းတွေနဲ့ အညီ ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ရေးရာဌာနကို KGC ရဲ့ ဌာန ၈ ခုမြောက်အဖြစ် အသစ်တိုးချဲ့ဖွဲ့စည်းလိုက်ပြီး KGC မှာပါဝင်တဲ့ ဌာန ၈ ခုရဲ့ ဌာနမှူးအမည်စာရင်းကိုလည်း ကနဦးအတည်ပြုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကော်သူးလေပဋိညာဉ်မှာ “အောက်ခြေမှအထက်သို့” ဖက်ဒရယ်ထူထောင်ရေးလုပ်ငန်းစဉ်နဲ့ ကော်သူးလေဖက်ဒရယ်ယူနစ်တစ်ခုကို ထူထောင်ရင်း အခြားသောဖက်ဒရယ်ယူနစ်တွေနဲ့ ညှိနှိုင်းချိတ်ဆက်ကာ စစ်အာဏာရှင်စနစ်ကို ဘက်ပေါင်းစုံက တိုက်ပွဲဝင်ရင်း တော်လှန်ရေးကာလအလွန် အသွင်ကူးပြောင်းရေးကာလဆီ စနစ်တကျကူးပြောင်းရေးအတွက် အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ KNU က ဆိုပါတယ်။

အခုအတည်ပြုလိုက်တဲ့ တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အများပြည်သူတွေသိရှိလေ့လာနိုင်ဖို့ မကြာခင်အချိန်မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး အများပြည်သူတွေအနေနဲ့ တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ပါအကြောင်းအရာနဲ့ ပတ်သက်လို့ မေးမြန်းအကြံပြုချက်တွေ ပေးပို့လိုပါက အောက်ပါ အီးမေးလ်နဲ့ Signal နံပါတ်ကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကော်သူးလေပဋိညာဉ်နဲ့ ပတ်သက်ပြီး E-mail:[email protected] နဲ့ Signal +66 98 687 9384, +66 80 228 0996 နံပါတ်တို့ကို မေးမြန်းအကြံပြုချက်တွေ ပေးပို့ဆက်သွယ်နိုင်တယ်လို့ ဖော်ပြပါတယ်။

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အခြေပြုပြီး KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ခရိုင် ၇ ခုက ကိုယ်စားလှယ်တွေနဲ့ အတူတကွ မျှဝေသတ်မှတ်ထားတဲ့ စံတန်ဖိုးတွေနဲ့ ပိုမိုပြည့်ဝစွာ ကိုယ်စားပြုမှုရှိတဲ့၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကော်သူးလေဖက်ဒရယ်ယူနစ်ကို ဒီမိုကရေစီနည်းလမ်းတကျ ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.