နေပြည်တော် ၊ ဧပြီ ၁၁

စစ်တပ်ရဲ့ အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာတဲ့ အရပ်သားအသွင်ပြောင်းအစိုးရသစ်လက်ထက်မှာ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးရေးကို အရှိန်မြှင့်မယ့် ခြေလှမ်းတွေကို အကောင်အထည်ဖော်လာနေပါတယ်။

ရွေးကောက်ခံစရာမလိုဘဲ သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် တပ်ချုပ်ဟောင်း ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၃၁ ရှိတဲ့ထဲက ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ထည့်သွင်းခဲ့တာပါ။

အရင်က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ အခုအခါမှာ ဌာနနှစ်ခုအဖြစ် သီးခြားစီ ခွဲထုတ်ပြီး ဆက်သွယ်‌ရေးဝန်ကြီးဌာနကိုတော့ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပေါင်းစည်းကာ ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းတာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးကိုတော့ စစ်တပ်ရဲ့ (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြထွန်းဦးကို သမ္မတဖြစ်သူက ခန့်အပ်တာဝန်ပေးထားတာပါ။

တစ်ဘက်မှာ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကလည်း အစိုးရသစ်လက်ထက်မှာ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းပကားနဲ့ နိုင်ငံ့အရေးအတွက် ဆက်လက် အားဖြည့်ကူညီပေးကြဖို့ ထုတ်ပြောထားတာပါ။

လာမယ့် ပညာသင်နှစ်က စတင်ပြီး စစ်တပ်မှာ တာဝန်ထမ်းဆောင်ဆဲ အပါအဝင် အငြိမ်းစားနဲ့ ကျဆုံးသွားကြတဲ့ အရာရှိစစ်သည်တွေရဲ့ သားသမီးတွေအတွက် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းတွေကို ရန်ကုန်နဲ့ နေပြည်တော်မှာ စတင်ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။

ဒါဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်မျိုးဆက်သစ်ကောင်းတွေ အဆက်မပြုတ် ထွန်းကားလာမယ်လို့ တပ်ချုပ်သစ်က ပြောဆိုထားတဲ့အတွက် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း အမည်ခံ စိတ်ဓာတ်စစ်ဆင်ရေး သင်တန်းကျောင်းအဖြစ် ဖွင့်လှစ်မယ့် သဘောပါ။

လေ့လာသူတွေကတော့ စစ်တပ်ကို ဆန့်ကျင်ဝေဖန်သူတွေနဲ့ တော်လှန်ရေးအပေါ် အားပေးထောက်ခံသူတွေကို ဒစ်ဂျစ်တယ်ယန္တရားတွေသုံးပြီး ဖိနှိပ်နေသလို ဝါဒဖြန့်မှိုင်းတိုက်မှုတွေ လုပ်နေတာမို့ လက်နက်သဖွယ် အသုံးချဦးမယ့် သဘောလို့ သုံးသပ်ကြပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က အသွင်ပြောင်းအစိုးရလက်ထက်မှာ ဒစ်ဂျစ်တယ်အွန်လိုင်းကနေ စောင့်ကြည့်ထိန်းချုပ်မှုတွေ ပိုလုပ်လာလိမ့်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အသွင်ပြောင်းအစိုးရမှာတော့ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးရေးဆိုတာထက် ဒစ်ဂျစ်တယ်ကို လက်နက်လို ပိုအသုံးချဖို့ များတယ်လေ။အခုပဲ ကြည့်ပါဦး ကကပြည်ပေါ့ဗျာ။ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဆိုတဲ့ အဖွဲ့ကြီးထောင်လာတာ ၇၉ နှစ်ရှိပြီ။ တပ်ချုပ်အသစ်ကလည်း အရင်ဆုံး ဒီဟာကို ဖွံ့ဖြိုးအောင် လုပ်ရမယ်ဆိုတော့ သေချာတာကတော့ ပိုပြီးတော့ ဒစ်ဂျစ်တယ်အွန်လိုင်း စောင့်ကြည့်မှုတွေ ထိန်းချုပ်မှုတွေ ပိုပြီး ဖြစ်လာလိမ့်မယ်။ကျွန်တော်ထင်ပါတယ် ဒီဟာက ဖွံ့ဖြိုးဖို့ ဆိုတာထက် ထိန်းချုပ်ဖို့ကို ပိုသွားလိမ့်မယ်” လို့ ဆိုပါတယ်။

၂၀၂၁ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းယူချိန်ကစပြီး ပြည်သူတွေဟာ အင်တာနက်သုံးစွဲမှု ကန့်သတ်ခံရတာ၊ ဖုန်းလိုင်းကန့်သတ်ခံရတာနဲ့ လူမှုမီဒီယာတွေအထိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ကန့်သတ်ခံထားရတာ ဒီကနေ့အထိ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook ကို အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ ပိတ်ပင်ထားတဲ့အတွက် VPN လို့ခေါ်တဲ့ Virtual Private Network ဆိုတဲ့ Software ကနေ တဆင့်ခံပြီး အသုံးပြုနေကြရတာပါ။

Myanmar Internet Project ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ အခုနှစ် ဇန်နဝါရီအတွင်း စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုနဲ့အတူ အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ဖမ်းဆီးပြီး အရေးယူခဲ့ပါတယ်။

ဒါ့အပြင် မိုးဘိုင်းဖုန်းနဲ့ အင်တာနက်ဖြတ်တောက်မှုတွေ အပါအဝင် အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာတွေ တိုးမြှင့်အသုံးပြုသလို စစ်ဆေးရေးဂိတ်တွေမှာလည်း PSMS စနစ်ကို သုံးပြီး တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

တစ်ဘက်မှာ အင်တာနက်ပေါ်က သတင်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူနိုင်ရေးအတွက် အင်တာနက်အသုံးပြုမှု ၂၄ နာရီစောင့်ကြည့်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားတာပါ။

လက်ရှိမှာလည်း မိုဘိုင်းဖုန်းတိုင်းမှာ မတူညီတဲ့ ဂဏန်း ၁၅ လုံးပါ IMEI အမှတ်သားကို ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံစနစ် CEIR စနစ်မှာ မှတ်ပုံတင်ခိုင်းပြီး နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်တွေနဲ့ စောင့်ကြည့်ခြေရာခံနိုင်မယ့် စနစ်တစ်ခုကို လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။

ဒါဟာ အခွန်ကောက်ခံဖို့နဲ့ တရားမဝင် တင်သွင်းမှုတွေကို တားဆီဖို့ အကြောင်းပြထားပေမယ့် ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်ကကြည့်ရင် စောင့်ကြည့်ရေးယန္တယားတွေကို နောက်ကွယ်မှာ ဖော်ဆောင်နိုင်တယ်လို့ Myanmar Internet Project က ထောက်ပြထားတာပါ။

ဒီလိုမျိုး ဒစ်ဂျစ်တယ်ဖိနှိပ်မှု ယန္တရားတွေ ရှိနေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ သတိထားပြီး ဂရုတစိုက် ရှိဖို့ လိုတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ကတော့ ပြည်တွင်းထဲမှာရှိနေတဲ့ ပြည်သူတွေနဲ့ ဆက်ဆံ ဆက်သွယ်တဲ့အခါမှာ အရင်ကထက် ပိုပြီး သတိထားဖို့ လိုတာပေါ့။ နှစ်ဘက်စလုံးက သတိထားဖို့ လိုတယ်။နောက်တစ်ချက်က နည်းပညာအရ အွန်လိုင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း သွေးကွဲအောင် ရေးသားလှုံ့ဆော်တဲ့ နည်းလမ်းတွေနဲ့ စစ်ကောင်စီက အဲဒါတွေနဲ့ ဝါဒခွဲပြီး မှိုင်းတိုက်တဲ့ ကိစ္စတွေလည်း ရှိတဲ့အခါကျတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပိုပြီးတော့ ဂရုတစိုက်ရှိဖို့တော့ ကောင်းတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ဧပြီ ၁၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတအဖြစ် ပြည်သူ့လွှတ်တော်မှာ ကျမ်းကျိန်ပြီး နိုင်ငံ့တာဝန်တွေကို စတင်ထမ်းဆောင်နေပါပြီ။

သူဦးဆောင်တဲ့ အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်း ရွေးကောက်ခံ အစိုးရအဖြစ် အမည်ခံမယ့် အစိုးရဖွဲ့သစ်မှာ ပါဝင်နေကြတဲ့ ပြည်‌ထောင်စုအဆင့် အဖွဲ့အစည်းတွေအပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးတွေကလည်း အလားတူပါ။

ဒီအခြေအနေဟာ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းတဲ့ သဘောဖြစ်လို့ စံနှုန်းအရ အခြေခံလွတ်လပ်ခွင့်တွေထဲက လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့် အပါအဝင် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုတို့အပေါ် ဘယ်လောက်အထိ ဖြေလျှော့လာနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.