မော်လမြိုင် ၊ ဧပြီ ၁၀
မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေး ကော်မတီကို မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
အဲဒီကော်မတီကို မနေ့ ဧပြီ ၉ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ အတည်ပြုဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ကော်မတီကို တပ်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းထားပြီး ကော်မတီ ဥက္ကဋ္ဌအဖြစ် မွန်ညီညွှတ်ရေးပါတီ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မင်းအောင်ထူးက တာဝန်ယူထားပါတယ်။
ကော်မတီဟာ အစိုးရအဖွဲ့ရဲ့ တင်သွင်းတဲ့ ဥပဒေကြမ်းတွေ၊ ဆုံးဖြတ်ချက်တွေ၊ အစီရင်ခံစာတွေအပြင် လွှတ်တော်က အတည်ပြုခဲ့တဲ့ အဆိုတွေ၊ ဖြေကြားခဲ့တဲ့ မေးခွန်းနဲ့ အစီရင်ခံစာတွေရဲ့ အာမခံချက်၊ ကတိနဲ့ တာဝန်ခံချက်တွေကို စိစစ်ရမှာ ဖြစ်ပါတယ်။
ကော်မတီအနေနဲ့ အစိုးရရဲ့ အာမခံချက်၊ ကတိနဲ့ တာဝန်ခံချက်တွေကို လွှတ်တော်မှာ မေးခွန်းမေးမြန်းတာ၊ အဆို တင်သွင်းတာနဲ့ အစီရင်ခံစာ တင်သွင်းတာတွေကို လွှတ်တော်ရဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ထိန်းကြောင်းရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကော်မတီဟာ အစိုးရဲရဲ့ လုပ်ငန်း အကောင်အထည် ဖော်မှု အခြေအနေတွေကို လိုအပ်ပါက ကွင်းဆင်း လေ့လာ စိစစ်နိုင်သလို လုပ်ငန်း လိုအပ်ချက်အရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေအပြင် လုပ်ငန်းနဲ့ စပ်ဆက်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ကြားပြီး မေးမြန်းနိုင်ပါတယ်။
မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာတော့ ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ၊ ဥပဒေပြုရေး ဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသား လူမျိုးများအရေး ဆိုင်ရာကော်မတီ၊ ပြည်သူ့ ငွေစာရင်း စိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မတီနဲ့ ပြည်နယ် အစိုးရအဖွဲ့ရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီအပါအဝင် ကော်မတီ ငါးခု ဖွဲ့စည်းထားပါတယ်။
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းဝေးမှာ ဖွဲ့စည်းခဲ့တဲ့ လွှတ်တော်ရေးရာကော်မတီ ငါးခုအနက် ကော်မတီ လေးခုရဲ့ ဥက္ကဋ္ဌ နေရာတွေကိုတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရယူထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

