တီဟီရန် ဧပြီ ၉

ဧပြီ ၈ ရက်က လက်ဘနွန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အမေရိကန်-အီရန် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ ဧပြီ ၈ ရက် တိုက်ခိုက်မှုကြောင့် လူ ၂၀၃ ဦး သေဆုံးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန်အနေနဲ့ ရန်စ တိုက်ခိုက်မှုတွေ ရပ်တန့်မယ်ဆိုရင် ဟောမု့ဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ ဖြစ်ကြောင်း အီရန်က ပြောထားပါတယ်။

ဘေရွတ်မြို့မှာ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပြီးနောက် အစ္စရေးရဲ့ ရေရှည် မူဝါဒဟာ လုံးဝ ချေမှုန်းရေး ဖြစ်တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

အီရန်အနေနဲ့ အပစ်အခတ် ရပ်စဲရေး အမှန်တကယ် သဘောတူတဲ့အထိ အမေရိကန် တပ်ဖွဲ့တွေအနေနဲ့ ဒေသတွင်းမှာ ဆက်ရှိနေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။

အမေရိကန်နဲ့အီရန် အပစ်ရပ်ကြောင်း ဧပြီ ၇ ရက်က ကြေညာခဲ့ပေမယ့် အီရန် အမှန်တကယ် သဘောတူညီထားတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေပါတယ်။

အီရန်နဲ့ သဘောတူညီမှုမှာ နျူကလီးယား လက်နက် မထုတ်လုပ်ရေး၊ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး သတ်မှတ်ချက်တွေ ပါဝင်တယ်လို့ ထရန့်က ပြောပါတယ်။

ဒါပေမဲ့ ဧပြီ ၈ ရက်အထိ အီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားဆဲ ဖြစ်ပြီး အမေရိကန်ကတော့ ဖြတ်သန်းသွားလာမှု အဆင်ပြေလာပြီလို့ ပြောထားပါတယ်။

ဒီအတောအတွင်း ဗြိတိန်က အမေရိကန်နဲ့ အီရန် အပစ်ရပ်မှုကို ကြိုဆိုပြီး သဘောတူညီမှု အားကောင်းအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

အီရန် နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်က အီရန် ကိုယ်စားလှယ်တွေ အစ္စလာမ်မာဘက်မှာ အမေရိကန်နဲ့ ဆွေးနွေးဖို့ လာနေပြီလို့ လူမှုမီဒီယာမှာ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်ဖျက်သွားခဲ့ပါတယ်။

အစ္စရေးအနေနဲ့ လက်ဘနွန်ရှိ ဟစ်ဇဘိုလာ အဖွဲ့ကို ဘယ်နေရာမှာပဲ ရှိနေ ရှိနေ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.