ကုလသမဂ္ဂ၊ ဧပြီ ၉

လက်ဘနွန်ကို အစ္စရေးက ဆက်လက် တိုက်ခိုက်နေတာကြောင့် အမေရိကန်နဲ့ အီရန်ကြား ကျိုးပျက်လွယ်နိုင်တဲ့ အပစ်ရပ်ရေး သဘောတူညီချက်အတွက် ပြင်းထန်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

လက်ဘနွမ်မှာ စစ်ဆင်ရေးတွေ ဆက်လက် ပြုလုပ်နေတာက ဒေသတွင်း ငြိမ်ချမ်းရေး ကြိုးပမ်းမှုအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထိုနီယို ဂူတာရက်ဇ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်တာပါ။

အစ္စရေးနဲ့ ဟစ်ဇဘိုလာ အဖွဲ့ကြား စစ်ပွဲ စတင်ပြီးနောက် အပြင်းထန်ဆုံး တိုက်ခိုက်မှု အနေနဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ လူ ၁၈၂ ဦး သေဆုံးပြီး ၈၉၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင် တိုက်ခိုက်ပြီးနောက် လက်ဘနွန်ရှိ အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးကို တိုက်ခိုက်တာကြောင့် စစ်ပွဲအတွင်း ပါဝင်နေတာ ဖြစ်ပါတယ်။

အီရန်က အမေရိကန်နဲ့ သဘောတူညီမှုအတွင်း တိုက်ခိုက်မှု အားလုံး ရပ်တန့်ရမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဟစ်ဇဘိုလာအဖွဲ့က ပြောထားပြီးနောက် အီရန် လွှတ်တော် ဥက္ကဌက အပစ်ရပ် သဘောတူညီမှုကို ခြိမ်းခြောက်တဲ့ သဘော ပြောဆိုထားပါတယ်။

အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။

အမေရိကန်နဲ့ အီရန် အပစ်အခတ်ရပ်စဲမှုမှာ လက်ဘနွန်နိုင်ငံ ပါဝင်ဖို့ ပြင်သစ် သမ္မတ မက်ကရွမ်ကလည်း တိုက်တွန်းထားပါတယ်။

အီရန်က အပစ်ရပ်ဖို့ သဘောတူတာဟာ အမေရိကန်အတွက် အောင်ပွဲ ဖြစ်တယ်လို့ သမ္မတ ထရန့်က ပြောထားပြီး အီရန်ကလည်း သူတို့အတွက် အနိုင်ရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.