အော်စလို၊ ဧပြီ ၉
မြန်မာနိုင်ငံသား ဖောက်သည်တွေက နော်ဝေး ဆက်သွယ်ရေး ကုမ္ပဏီ Telenor ဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စစ်တပ်ဆီ ပေးအပ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဧပြီ ၈ ရက်က နော်ဝေးနိုင်ငံမှာ တရားစွဲဆိုလိုက်ပါတယ်။
Telenor က ပေးအပ်ခဲ့တဲ့ အချက်အလက်တွေကို အာဏာသိမ်းမှု ဆန့်ကျင်တယ်လို့ သံသယရှိတဲ့ ဒီမိုကရေစီလိုလားသူတွေကို ဖော်ထုတ် ဖမ်းဆီး အပြစ်ပေးဖို့ အသုံးချခဲ့တယ်လို့ တရားလိုတွေက ပြောဆိုပြီး ထိခိုက်နစ်နာမှုအတွက် တရားမျှတမှု ပြန်ရရှိဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
Telenor ရဲ့ လုပ်ရပ်ဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့လည်း တရားစွဲထားတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
နာမည်တွေ၊ လိပ်စာတွေ၊ ဖေ့စ်ဘွတ်ခ် အကောင့်၊ ဘဏ်အကောင့်၊ တည်နေရာဆိုင်ရာ အချက်အလက်၊ ဖုန်းခေါ်ဆိုထားမှု စာရင်းတွေကို Telenor က စစ်တပ်ဆီ ပေးအပ်ခဲ့တယ်လို့ တရားစွဲဆိုထားသူတွေက ပြောပါတယ်။
အဲဒီလို သတင်းအချက်အလက် ပေးအပ်ခဲ့တာကြောင့် လွှတ်တော် အမတ်ဟောင်း ကိုဇေယျာသော် ဖမ်းဆီး ကွပ်မျက်ခံရတာ၊ တက်ကြွလှုပ်ရှားသူ ကိုအောင်သူ ဖမ်းဆီးခံရတာ အပါအဝင် ဒီမိုကရေစီ လိုလားသူတွေ ထိခိုက်နစ်နာခဲ့ရတယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။
နော်ဝေးအစိုးရ ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ Telenor က တာဝန်ရှိမှုနဲ့ ပတ်သက်လို့ ငြင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာပိုင်တွေရဲ့ တောင်ဆိုမှုကို ငြင်းဆိုမယ်ဆိုရင် အဆိုးဆုံး အခြေအနေမျိုးမှာ ထောင်ချခံရတာ၊ နှိပ်စက်ခံရတာနဲ့ သေဒဏ် ချမှတ် ခံရတာတွေ ဖြစ်လာနိုင်တယ်လို့ Telenor ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Telenor အနေနဲ့ မြန်မာနိုင်ငံမှာ အမှန်တကယ် ရွေးချယ်စရာ ဘာမှမရှိဘဲ မိမိတို့ ဝန်ထမ်းတွေရဲ့ အသက်အတွက် လောင်းကြေးထပ် ကစားလို့ မရဘူးလို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
မိမိတို့ရဲ့ လုပ်ရပ်ဟာ ဆိုးရွားကြောင်း အသိအမှတ်ပြုထားပေမယ့် Telenor ကို စစ်တပ် အာဏာပိုင်တွေက တလွဲ အသုံးချခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တရားစွဲဆိုမှု အောင်မြင်မယ်ဆိုရင်Telenor ဟာ တာဝန်ခံခိုင်းခံရတဲ့ ပထမဆုံး ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်လာမှာ ဖြစ်ပါတယ်။
အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံမှာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ဖို့ လုံလောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုး မရှိခဲ့ဘူးလို့ တရားစွဲဆိုမှုမှာ ပါဝင်တဲ့ ရှေ့နေတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ Telenor က မြန်မာ လုပ်ငန်းစုကို ရောင်းချတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
သူတို့ရဲ့ ကွန်ရက်တွေမှာ စောင့်ကြည့်ရေး စနစ် တပ်ဆင်ဖို့ စစ်တပ် အရာရှိတွေက စေခိုင်းခဲ့တယ်လို့လည်း Telenor က ပြောပါတယ်။
ဒီအကြောင်းကြောင့်ပဲ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ Telenor က ပြောပါတယ်။
Telenorက သူတို့ရဲ့ ဆင်းကတ်ကို အသုံးပြုသူ အားလုံးရဲ့ သတင်းအချက်အလက်တွေကို စစ်တပ်ဆီ ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။
Ref: Ucanews

