ဘာလင်၊ ဧပြီ ၉
ဂျာမနီရှိ စစ်မှုထမ်းနိုင်တဲ့ အသက်အရွယ်ရှိ အမျိုးသားတွေ ပြည်ပမှာ ရေရှည် နေထိုင်ဖို့ အတွက် သတင်းပို့စရာ မလိုဘူးလို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်စတိုးရီးယပ်စ်က ပြောပါတယ်။
ဂျာမနီမှာ စစ်မှုထမ်းဥပဒေကို ပြန်ပြီး မိတ်ဆက်ထားတဲ့ ဥပဒေသစ်ရဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်လာပြီးနောက် ကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁ ရက်က အသက်ဝင်လာခဲ့တဲ့ ခေတ်နဲ့အညီ စစ်မှုထမ်းရေး အက်ဥပဒေက ရုရှားရဲ့ အန္တရာယ်ကြောင့် ဂျာမနီရဲ့ ကာကွယ်ရေး အင်အားတိုးမြှင့်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အသက် ၁၇ နှစ်နဲ့အထက်အရွယ်ရှိ အမျိုးသားတွေအနေနဲ့ ပြည်ပမှာ သုံးလထက်ကျော်လွန် နေထိုင်မယ်ဆိုရင် ကြိုတင်ပြီးတော့ ခွင့်ပြုချက်ယူဖို့ လိုအပ်ကြောင်း ဂျာမနီ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက အခုလအတွင်း ပြောဆိုခဲ့တာပါ။
ပြည်ပမှာ နေထိုင်ဖို့ ခွင့်ပြုချက်လိုအပ်တာကို လူအများ သတိမပြုမိခဲ့ဘဲ ပြီးခဲ့တဲ့ သီတင်းပတ်က ဂျာမနီ သတင်းစာ တစ်စောင်က ဖော်ပြခဲ့ပြီးနောက်မှ လူအများ သိရှိလာခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဆိုရှယ် ဒီမိုကရက်ပါတီက ဘောရစ် ပစ်စတိုးရီးယပ်စ်က သူ့အနေနဲ့ ခြွင်းချက် တစ်ခု မိတ်ဆက်လိုက်တယ်လို့ ပြောပါတယ်။
အသက် ၁၇ နှစ် ဒါမှမဟုတ် ၄၅ နှစ် ဖြစ်ဖြစ် အဲဒီ အသက်အရွယ်ကြား ရှိနေသူတွေ ဖြစ်ဖြစ် အမှန်တကယ် လွတ်လပ်စွာ ခရီးသွားနိုင်ပြီး ခွင့်ပြုချက် တောင်းခံစရာ မလိုဘူးလို့ သူက ပြောပါတယ်။
ပြည်ပမှာ ကာလကြာရှည် နေထိုင်ဖို့အတွက်လည်း စစ်တပ်ကို သတင်းပို့စရာ မလိုဘူးလို့ ကာကွယ်ရေးဝန်ကြီးက ဆိုတာပါ။
“ဒီလို ငြိမ်းချမ်းတဲ့ အချိန်ကာလအတွင်းမှာ ခွင့်ပြုချက်တောင်းခံရတဲ့ လုပ်ငန်းစဉ်တွေ ရှိမှာမဟုတ်ပါဘူး။ စစ်မှုထမ်းဖို့က ကိုယ့်သဘောနဲ့ကိုယ် ထမ်းရမှာ ဖြစ်နေသရွေ့ ခွင့်ပြုချက် တောင်းနေစရာလိုမှာ မဟုတ်ဘူး”လို့ ဝန်ကြီး ဘောရစ် ပစ်စတိုးရီးယပ်စ်က ပြောပါတယ်။
တချိန်တည်းမှာပဲ ပြဿနာကြုံလာတဲ့ အခြေအနေမှာ သင့်တော်တဲ့ လုပ်ငန်းစဉ်တွေကို စတင် အသက်သွင်းမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
စစ်မှုထမ်း ဥပဒေဟာ ကြိုတင် သတိထားတဲ့အနေနဲ့ ပြဌာန်းတာ ဖြစ်တယ်လို့လည်း သူက ကာကွယ် ပြောဆိုပါတယ်။
စစ်မှုထမ်းဖို့အတွက် ကိုယ့်သဘောနဲ့ကိုယ် ပါဝင်သူတွေ မလုံလောက်ဘူးဆိုရင်တော့ စစ်မှုမထမ်းမနေရ သတ်မှတ်မှာ ဖြစ်ပါတယ်။
ဂျာမနီ အဓိပဓိ ဖရက်ဒရစ် မားဇ်က ဂျာမနီစစ်တပ်ကို ဥရောပမှာ အားအကောင်းဆုံး စစ်တပ် ဖြစ်လာအောင် တည်ဆောက်လိုကြောင်း ပြောထားပါတယ်။
အခုနှစ် ဇန်နဝါရီလအထိ ဂျာမနီမှာ အသက် ၁၈ နှစ် ပြည့်ပြီးသား အမျိုးသားတွေကို စစ်မှုထမ်းလိုတဲ့ ဆန္ဒရှိ၊မရှိ စစ်တမ်း ကောက်ယူခဲ့ပါတယ်။
ဒီလို မေးမြန်းစစ်တမ်း ကောက်ယူတာဟာ အမျိုးသားတွေအနေနဲ့ မဖြစ်မနေ ဖြေဆိုရမှာ ဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့က ကိုယ့်သဘောနဲ့ကိုယ် ဖြေဆိုရမှာ ဖြစ်ပါတယ်။
၂၀၂၇ ခုနှစ် ဇူလိုင်လအထိ ဂျာမနီမှာ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ အမျိုးသားအားလုံး စစ်မှုထမ်းဖို့ ကြံ့ခိုင်မှု ပြည့်ဝမှု ရှိ၊မရှိ ကျန်းမာရေး စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီးနောက်မှာ ဥရောပနိုင်ငံတွေက ကာကွယ်ရေး အင်အား တိုးမြှင့်ဖို့ ပြင်ဆင်နေကြပါတယ်။
Ref:BBC

