ဂျေရုစလင်၊ ဧပြီ ၇

အီရန် နိုင်ငံသားတွေအနေနဲ့ ရထားနဲ့ ခရီးသွားတာက အသက်အန္တရာယ်ရှိတာကြောင့် ရထားနဲ့ ခရီးမသွားကြဖို့ အစ္စရေးက တိုက်တွန်းထားပါတယ်။

အီရန်ရဲ့ တတိယမြောက် ဓာတ်ဆီဓာတု ပစ္စည်း ထုတ်လုပ်ရာနေရာကို တိုက်ခိုက်ခဲ့ကြောင်းလည်း အစ္စရေးက အတည်ပြုပါတယ်။

အီရန်ရဲ့ အခြေခံ အဆောက်အဦတွေကို လုံးဝ ဖျက်ဆီးပစ်မှာ ဖြစ်ပြီး တစ်နိုင်ငံလုံးကို တစ်ညတည်းနဲ့ အပြတ် ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဧပြီ ၆ ရက်မှာ ခြိမ်းခြောက်ခဲ့ပါတယ်။

ထရန့်က ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး ဧပြီ ၇ ရက် အရှေ့တိုင်း စံတော်ချိန် ည ၈ နာရီအထိ အချိန် ပေးထားပါတယ်။

ဒါပေမဲ့ ထရန့်ဟာ အီရန်ကို သဘောတူညီမှု ရယူဖို့နဲ့ ပတ်သက်လို့ နောက်ဆုံး သတ်မှတ်ချိန်ကို အကြိမ်ကြိမ် ပြောင်းလဲ ပြောဆိုခဲ့ပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ပြီးနောက်ပိုင်း အရပ်သား ၁၆၆၅ ဦး အပါအဝင် သေဆုံးသူ ၃၅၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။

အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုဟာ ဧပြီ ၆ ရက်က အများဆုံး ဖြစ်ပြီး အရပ်သား ၄၉ ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

အမေရိကန်က စစ်ပွဲ အဆုံးသတ်ရေး တောင်းဆိုမှုတွေ ပြုလုပ်ထားချိန်မှာ အီရန်က အပစ်ရပ်ဖို့ ငြင်းဆိုထားပြီး တန်ပြန်တောင်းဆိုမှုတွေ ပြုလုပ်ထားပါတယ်။

အီရန်ရဲ့ ထိပ်တန်းအကျဆုံး ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ထရန့်က ပြောထားပေမယ့် အမေရိကန်နဲ့ ဆက်သွယ်တာတောင် မရှိဘူးလို့ အီရန်က ငြင်းဆိုထားပါတယ်။

အီရန် စစ်ပွဲအတွင်း အမေရိကန် ဆုံးရှုံးသွားတဲ့ လေယာဉ် အနည်းဆုံး ၉ စီး ရှိပြီ ဖြစ်ကြောင်း စစ်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။၏

ကမ္ဘာ့စီးပွားရေးအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး အမေရိကန်က ဖိအားပေးနေပေမယ့် တိုက်ခိုက်မှုတွေ မရပ်သရွေ့ လုံးဝ ပြန်ဖွင့်မှာ မဟုတ်ဘူးလို့ အီရန်က ပြောဆိုပါတယ်။

အမေရိကန်နဲ့ သဘောတူညီမှု ရယူမယ်ဆိုရင်လည်း စစ်ပွဲ ထာဝရ အဆုံးသတ်ရမှာ ဖြစ်ပြီး နောက်နောင် လုံးဝ မတိုက်ခိုက်တော့ပါဘူးဆိုတဲ့ ကတိကိုလည်း အီရန်က တောင်းဆိုထား ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.