ဟောမု့ဇ် ရေလက်ကြားမှာ ပိတ်မိနေတဲ့ မလေးရှား သင်္ဘော ခုနှစ်စီးမှာ တစ်စီး ဖြတ်သန်းခွင့်ရ

ကွာလာလမ်ပူ၊ ဧပြီ ၇

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ဟောမု့ဇ် ရေလက်ကြားမှာ ပိတ်မိနေတဲ့ မလေးရှား ကုန်တင်သင်္ဘော ၇ စီးထဲက ပထမဆုံး သင်္ဘော တစ်စီး ဘေးကင်းစွာ ဖြတ်သန်းလာနိုင်ပြီ ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မတ်လက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံခေါင်းဆောင်တွေကြား ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ပိတ်မိနေတဲ့ သင်္ဘော ၇ စီးထဲက ပထမဆုံး သင်္ဘော ဖြတ်သန်းလာနိုင်ပြီ ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၇ ရက် ကြေညာချက်မှာ အတည်ပြုထားပါတယ်။

အဲဒီ သင်္ဘော ဘယ်နေရာမှာ ခရီးဆုံးမလဲ ဆိုတာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောမထားပေမယ့် အီရတ် ရေနံစိမ်းတွေ တင်ဆောင်လာတဲ့ အဲဒီ သင်္ဘောဟာ မလေးရှား အစိုးရပိုင် ရေနံကုမ္ပဏီရဲ့ သင်္ဘော ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဧပြီ ၅ ရက်မှာ ဖော်ပြထားပါတယ်။

အဲဒီ သင်္ဘောဟာ တင်ဆောင်လာတဲ့ ကုန်စည်တွေကို ဧပြီလလယ်ပိုင်းမှာ ပီနန်း ဆိပ်ကမ်းမှာ ချထားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မလေးရှားရှိ အီရန် သံရုံးရဲ့ ကြေညာချက်ထွက်လာပြီးနောက် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလိုမျိုး ထုတ်ပြန်လာတာပါ။

အီရန် နိုင်ငံအနေနဲ့ မိတ်တွေနိုင်ငံဖြစ်တဲ့ မလေးရှားကို မမေ့ဘူးလို့ ပြောလိုကြောင်း အီရန် သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပါရှား ပင်လယ်ကွေ့နဲ့ အိုမန် ပင်လယ်ကွေ့ကို ချိန်ဆက်ထားတဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က စစ်ပွဲ စတင်ချိန် ကတည်းက ပိတ်ဆို့ထားပါတယ်။

ဒါပေမဲ့ ရန်သူမဟုတ်တဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေ ဖြတ်သန်းခွင့် ရှိတယ်လို့ အီရန်က ပြောထားပေမယ့် သင်္ဘော တချို့ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီလို ကမ္ဘာကြီးရဲ့ လောင်စာ စီးဆင်းမှုအတွက် အရေးပါတဲ့ ရေလမ်းကြောင်း ပိတ်ထားတာကြောင့် ကမ္ဘာတဝှမ်း လောင်းစာဈေးနှုန်း စံချိန်တင် မြင့်တက်နေပြီး အာရှဒေသတွေမှာ လောင်စာ ပြတ်လပ်နိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီ လမ်းကြောင်းဟာ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ စွမ်းအင် ၂၅ ရာခိုင်နှုန်း ဖြတ်သန်းနေတဲ့ လမ်းကြောင်းဖြစ်ပြီး အဲဒီထဲက ၈၀ ရာခိုင်နှုန်းဟာ အာရှသို့ ပို့ဆောင်မယ့် လောင်စာတွေ ဖြစ်ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.